လက်ရွှေးစင် ကစားသမားဘ၀ကနေ အနားယူဖို့ အစီအစဉ်မရှိသေးတဲ့ ရော်နယ်လ်ဒို

Cristiano Ronaldo

ပေါ်တူဂီ လက်ရွှေးစင်အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမား GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အနေနဲ့ လက်ရှိမှာ နိုင်ငံ လက်ရွှေးစင် ကစားသမားဘ၀ကနေ အနားယူသွားဖို့ အစီအစဉ်မရှိသေးပဲ အနားယူရမယ့် အချိန်ရောက်လာရင်တော့ ခက်ခက်ခဲခဲ ဆုံးဖြတ်စရာမရှိဘူးလို့ ထုတ်ပြန်ပြောဆိုလာပါတယ်။

အသက်(၃၉)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ စူပါစတား ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ဩဂုတ် (၂၀) ရက်နေ့ ပေါ်တူဂီနဲ့ ကာဇတ်စတန်တို့ပွဲမှာ သူရဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘ၀ရဲ့ ပထမဆုံးဦး ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ရပြီး အဲ့ဒီအချိန်တုန်းက ရော်နယ်လ်ဒိုဟာ အသက် (၁၈) နှစ်အရွယ်သာ ရှိနေပါသေးတယ်။

အခုတော့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ အတူ နိုင်ငံတကာပွဲပေါင်း (၂၁၂)ပွဲအထိ ကစာထားခဲ့ပြီး ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွင်း နိုင်ငံတကာ ပွဲစဉ်တွေအများဆုံး ကစားထားနိုင်ခဲ့တဲ့ စံချိန်ပါ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကိုပါ ပါဝင်ကစားခဲ့တဲ့​ရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် ပွဲအများဆုံး ကစားထားနိုင်သူအဖြစ်လည်း မှတ်တမ်းတင်ခံရပါသေးတယ်။

Cristiano Ronaldo with red background and Portugal logo

ရော်နယ်လ်ဒိုက လာမယ့် ၂၀၂၆မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအထိ ပါဝင် ဆင်နွှဲသွားဖို့ အစီအစဉ် ရှိနေသလို လက်ရှိမှာလည်း လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ဆက်လက် ကစားသွားဖို့သာ ဆန္ဒရှိနေပါတယ်။

“အချိန်ကျလာတဲ့အခါကျရင်တော့ ကျွန်တော် အနားယူသွားပါမယ်။ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ဒီအသင်းအတွက် ကျွန်တော် ဘာမှ မကူညီပေးနိုင်တော့ဘူးလို့ ခံစားမိလာရပြီဆိုရင်တော့ ကျွန်တော် ပထမဆုံး ထွက်ခွာသွားမှာပါ။”လို့ ရော်နယ်လ်ဒိုက အတိအလင်းပြောဆို သွားခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *