နောက်ထပ် (၂)လ နီးပါးလောက်ထပ်မံ အနားယူသွားရနိုင်တဲ့ နေမာ

ကစားသမားဘ၀မှာ ဒဏ်ရာ ပြသနာတွေနဲ့ပဲ ဖြတ်သန်းနေရတဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာကတော့ ဘောလုံးပြန်ကစားရဖို့အတွက် နောက်ထပ် (၂)လ နီးပါးလောက်အထိကို ဆက်လက် အနားယူသွားရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွှေးစင် ကြယ်ပွင့်ကစားသမား နေမာဟာ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြီးရင် အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခံရတဲ့ အရည်အသွေးမြင့် ကစားသမား ဖြစ်ပေမယ့် ဒဏ်ရာ ပြသနာဆိုးတွေနဲ့ကတော့ မကြာခဏ ကြုံတွေ့နေရတတ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေတုန်းက ပီအက်စ်ဂျီကနေ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ပေါင် (၇၈)သန်းနဲ့ ပြောင်းရွှေ့ပြီး အောက်တိုဘာမှာ ACL Injury ရသွားခဲ့တဲ့ နေမာဟာ အယ်လ်ဟီလာ အတွက် ပွဲပေါင်း (၅၀)ခန့်လောက်အထိ လွှဲချော်ထားခဲ့ပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့အတွက် ကုထုံးတွေ အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေခဲ့ပေမယ့် ကာယကုထုံးရှင် တစ်ဦးက နေမာရဲ့ Jumping လေ့ကျင့်ခန်းတွေမှာ နေမာ ဒူးက အားနည်းနေသေးတဲ့ လက္ခဏာမျိုးတွေ ပြသနေသေးတယ်လို့ သုံးသပ်ထားပါတယ်။

ဒီအခြေအနေတွေအရဆိုရင် နေမာဟာ ဘောလုံးပြန်ကစားဖို့ မလွယ်ကူနိုင်သေးပဲ နောက်ထပ် အနည်းဆုံး (၂)လခန့်လောက်အထိ ထပ်မံ အနားယူသွားရနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလာအတွက် စုစုပေါင်း (၅)ပွဲသာ ကစားထားရပြီးချိန်မှာ (၁)ဂိုးသွင်း (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး ဆော်ဒီပရိုလိဒ် အမှတ်ပေး ချန်ပီယံဆု ကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ နေမာဟာ အယ်လ်ဟီလာအသင်းနဲ့ စာချုပ်သက်တမ်း (၉)လသာ ကျန်ရှိနေတော့ပြီး သူ့ရဲ့ ဒဏ်ရာအခြေအနေကြောင့် အယ်လ်ဟီလာအတွက် ပွဲအနည်းငယ်လောက်သာ ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။


by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *