ဆန်ချို – စတာလင် အလဲအထပ် ကိစ္စ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး တုန့်ပြန်လာတဲ့ မာရက်စ်ကာ

Sancho - Sterling and Maresca

ချဲလ်ဆီး အသင်းဟာ နွေရာသီ ဈေးကွက် ပိတ်သိမ်းဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန် အင်္ဂလန် ဝါရင့် တောင်ပံကစားသမား ရာဟင်း စတာလင်ကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် တောင်ပံကစားသမား ဂျေဒွန် ဆန်ချိုနဲ့ တိုက်ရိုက် အလဲအထပ် လုပ်နိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက် ရှိပါတယ် ။

သို့ပေမယ့် လစာ ပမာဏက ဒီကစားသမား ၂ဦးလုံး ပေါင် ၃သိန်းဝန်းကျင်မှာ ရှိနေပြီး ၊ စတာလင်ကို ထုတ်ရောင်းဖို့ ရည်ရွယ်ချက်ဟာ လစာများလွန်းနေတာကြောင့် ဖြစ်တဲ့ အတွက် ချဲလ်ဆီးဟာ ဆန်ချိုကို လစာလျှော့ယူအောင် ညှိနှိုင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အရောင်းစာရင်းတင်ခြင်း ခံထားရသလို ၊ ကျောနံပါတ်ပါ မရှိတော့ ရာဟင်း စတာလင်နဲ့ ပတ်သက်ပြီး ဘာအကြံဉာဏ် ပေးလိုသလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ကာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက အခုလိုပဲ တုန့်ပြန် ဖြေကြားလာပါတယ်။

မာရက်စ်ကာ

မာရက်စ်ကာ က ” ရာဟင်းဟာ အံ့သြဖွယ်ကောင်းတဲ့ လူပုဂ္ဂိုလ် တယောက်ပါ။ သူဟာ ထရိန်နင် ကောင်းကောင်းဆင်းပါတယ်။ တခု ရှိတာက မန်နေဂျာတိုင်းမှာ မတူညီတဲ့ အိုင်ဒီယာတွေ ရှိပါတယ်။ သူ့ကို ကျွန်တော် သဘောကျတဲ့ တောင်ပံကစားသမားမျိုး မဟုတ်ဘူးလို့ပဲ ပြောခဲ့တာပါ။ ”

” ဒါပေမယ့် သူက ကစားသမားကောင်း တယောက် မဟုတ်ဘူးလို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး ။ သွင်းဂိုး မှတ်တမ်းတွေနဲ့ အချက်အလက်တွေက ရာဟင်းက ဘယ်လို ကစားသမားလဲ ဆိုတာ ပြသနေပါတယ်။ကျွန်တော် ပေးချင်တဲ့ အကြံဉာဏ်? သူဟာကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတာ တိတိကျကျ သိပါတယ်။ သူ ကျွန်တော့ဆီက အကြံဉာဏ် မလိုပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာ က အကယ်၍ စတာလင် အပါအဝင် သီးသန့် လေ့ကျင့်ပြင်ဆင်ဖို့ ညွှန်ကြားခံထားရတဲ့ ချဲလ်ဆီး ကစားသမားတွေ နွေရာသီ ဈေးကွက် ပိတ်သွားပြီးနောက် အသင်း မပြောင်းဖြစ်ခဲ့ရင် ဘာဆက်လုပ်သွားလဲ ဆိုတဲ့ အမေး အပေါ်လည်း အခုလိုပဲ မှတ်ချက် ပြုလာပါတယ် ။

Sancho, Raheem Sterling and Chelsea, Manchester united logo

မာရက်စ်ကာ က ”ဒါက ရာဟင်း တယောက်တည်း မဟုတ်ပါဘူး ။ ပထမအသင်းမှာ မပါတဲ့ ကစားသမားတွေ အားလုံး တသီးတခြားစီ လေ့ကျင့်နေကြပါတယ် ။ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သေးတဲ့ ကာလ အတွင်းမှာတော့ သူတို့ ကစားခွင့် မိနစ်တွေ ရကြမှာ မဟုတ်ပါဘူး။”

” ဒါနဲ့ ပတ်သက်ပြီးလည်း သူတို့တွေကို ကျွန်တော် ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောပြီးသားပါ ။ ဒါက သူတို့ ဘာကြောင့် ချန်လှပ်ခံထားရလဲ ဆိုတာရဲ့ တခုတည်းသော အကြောင်းအရင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ်။

အဆုံးမှာတော့ မာရက်စ်ကာ က ချဲလ်ဆီးနဲ့ သတင်းထွက်နေတဲ့ မန်စီးတီး အကယ်ဒမီထွက် သရဲနီ ကြယ်ပွင့် ဆန်ချိုနဲ့ ပတ်သက်ပြီး ” ကစားသမား တယောက်ကို ခေါ်ရုံအတွက်ပဲဆို ကျွန်တော် မလိုချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အထောက်အကူ ပေးမယ့် ကစားသမားဆိုရင်တော့ သေချာပေါက် ခေါ်မှာပါ။ ဂျေဒွန်က ကျွန်တော်တို့ရဲ့ ကစားသမား မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဂျေဒွန်ကို ကောင်းကောင်းကြီး သိလာတာ နှစ်များစွာ ကြာခဲ့ပါပြီ။ မန်စီးတီးမှာတုန်းကပေါ့ ။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ကစားသမား မဟုတ်တာကြောင့် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *