ပက်ရဲ့ မန်စီးတီးဟာ စပါးကို ဖြစ်နိုင်သမျှသော အခြေအနေများစွာထဲကနေမှ အဆိုးဆုံး ပုံစံတစ်ခုနဲ့ ရှုံးနိမ့်သွားခဲ့ပြီး၊ ဂိုးပြတ်၊ အလုပ်မဖြစ်၊ ချေပဂိုးနတ္ထိ၊ စံချိန်ဆိုး၊ အိမ်ကွင်း၊ ပွဲဆက်ရှုံး၊ စပါး စတဲ့ တသီတသန်းတော့ နည်းလမ်းပေါင်းစုံးနဲ့အတူ ရှုံးခဲ့တာပါ။
မန်စီးတီးရဲ့ ပြဿနာနဲ့ အားနည်းချက်တွေကို စပြောရင် စပါးရဲ့ စွမ်းဆောင်မှုတွေကို အထင်သေးရာကျပါလိမ့်မယ်။ ဒါဟာ အနိုင်ယူမှုထက်ပိုတဲ့ ချေမှုန်းမှုပါ။ အန်ဂျီဟာ သိပ်မကြာသေးခင်မှာ မန်စီးတီးကို အနိုင်ယူထားပြီးပါပြီ၊ မနေ့ညကတော့ ဗျူဟာ၊ခြေစွမ်း၊ ရလဒ် သုံးမျိုးလုံးနဲ့ ချေမှုန်းခဲ့ပါတယ်။ ပြောချင်တာက မန်စီးတီး အားနည်းနေလို့ နိုင်တယ်ဆိုရုံလောက် ယူဆလိုက်ရင်မှားပါလိမ့်မယ်။ အန်ဂျီဟာ နိုင်ဖို့အတွက် သေချာပြင်ဆင်ခဲ့ပြီး၊ ကစားသမားတွေဟာ နိုင်ဖို့အတွက် အစွမ်းပြခဲ့တာမလို့ကို နိုင်တယ်လို့ စပြောရပါလိမ့်မယ်။
အန်ဂျီဟာ ခေါင်းမာပြီး၊ အလွန်အကျွံတိုက်စစ်သွားလွန်းတဲ့ ပုံစံအဖြစ်သတ်မှတ်ခံရသူပါ။ ဒီကိစ္စကလည်း စပါးရဲ့ ပြဿနာတစ်ခုလိုဖြစ်နေပြီး၊ တည်ငြိမ်ပြီးစိတ်ချရတဲ့ရလဒ်တွေရဖို့ ခက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပွဲမှာတော့ အန်ဂျီဟာ ပက်ရဲ့ အသင်းကို အနိုင်ယူနည်း ဖော်မြူလာကို ကိုးကားဖြန့်ခင်းခဲ့ပါတယ်။ ဒီဖော်မြူလာကတော့ အားလုံးသိနိုင်လောက်မဲ့၊ ကွင်းလယ်ကို ကျစ်လစ်အောင်လုပ်၊ ကစားသမားတစ်ယောက်နဲ့တစ်ယောက်အကြားက အကွာအဝေးကို ခြုံထား၊ အစွန်နေရာကိုဟပေး၊ တောင်ပံက ခံစစ်ကူ။ ဒါက အခြေခံပါ။ ဒီအခြေခံကို အန်ဂျီက ယူသုံးလိုက်ပြီး၊ စပါးမှာတွေ့နေရတဲ့ အလွန်အကြူး ဖိအားပေးမှုအစား၊ ကျစ်လစ််မှု ဦးစားပေးတဲ့ လိုသလောက်ဖိအားပေးမှုကို ပြောင်းလိုက်တာပါပဲ။
နဂိုကတည်းကမှ ပြဿနာရှိနေတဲ့ မန်စီးတီးဟာ ဒီပုံစံနဲ့မှာ အခက်စတွေ့ခဲ့သလို၊ ဒီပုံစံကိုကစားနေတဲ့ စပါးကစားသမားတွေက သာမာန်ထက်ပိုတဲ့ စွမ်းဆောင်ရည်ကို ပြနေတဲ့အခါမှာ ဂိုးပြတ်ချေမှုန်းခံရတော့တာပါပဲ။ စပါးစရတဲ့ ဂိုးနှစ်ဂိုးဟာ ဂါဗီဒေါလ်ရဲ့ အမှားတွေကနေ စတယ်ဆိုပေမဲ့၊ ဒီလိုဖြစ်လာအောင် ဖိအားပေးနိုင်တာ၊ ဖြစ်လာတဲ့ အခွင့်အရေးကို အပီအပြင်အသုံးချလိုက်တာတွေကို ထည့်မတွက်လို့မရပါဘူး။
ဒီနေရာမှာ ဒုတိယဂိုးအကြောင်းလည်း ထည့်ပြောချင်ပါတယ်။ ဒီဂိုးမှာ ဆွန်ဟာ အတွင်းကို ဝင်လိုက်ပြီး၊ ကန်ဖို့ချိန်လိုက်ပါတယ်။ ဒီအချိန်မတိုင်ခင် ရှေ့မိနစ်လောက်ကလည်း ဆွန်က ဒီလိုလှမ်းကန်လိုက်ပါသေးတယ်။ ဒီအခိုက်အတန့်လေးမှာ မက်ဒီဆန်ကို ဆွန်နဲ့ ကြက်ခြေခတ်ပုံစံဖြတ်ထွက်သွားပြီး၊ မက်ဒီဆင်ကလည်း လက်ဟန်နဲ့ လှမ်းပြသလို၊ ဆွန်လည်း ရိပ်ခနဲလှမ်းတွေ့လိုက်ပါတယ်။ မန်စီးတီးကစားသမားတွေရဲ့ အာရုံက ဆွန်ဆီမှာပါ။ ဆွန်ဟာ မက်ဒီဆင် လှမ်းပေးလိုက်ပြီး ဂိုးဖြစ်စေခဲ့ပါတော့တယ်။ ဒါတွေ အားလုံးက စက္ကန့်ပိုင်းနည်းနည်းလေးမှာတင် ဖြစ်လိုက်တာဖြစ်ပြီး၊ ဒီအချိန်လေးမှာ လုပ်တဲ့ အရွေ့၊ ဒီအရွေ့ပေါ်မှာ လိုက်ချတဲ့ဆုံးဖြတ်ချက် ဒါတွေက သိပ်ကိုကောင်းလွန်းပါတယ်။ အထူးသဖြင့် ဆွန်ပါ။ ဒီကစားသမားရဲ့ ခြေစွမ်းကို ချီးကျူးတာက မဆန်းတော့ပေမဲ့၊ ဦးနှောက်ကလည်း ထိပ်တန်း ဘောလုံးဦးနှောက်ဆိုတာ မမေ့မလျော့ပြောရပါလိမ့်မယ်။ ဒီဂိုးကနေ ထပ်စဉ်းစားရင် အရှိန်သိပ်မြန်တဲ့ ပွဲတွေမှာ မီလီစက္ကန့်လေးတွေ အတွင်း ချလိုက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေက သိပ်ကိုအရေးပါပါတယ်။ ပုံမှန်မြင်ကွင်းတွေအရဆို ဆွန်လိုနေရာမှာ များသောအားဖြင့် ကန်ထည့်လိုက်ကြတာများကြလေ့ရှိပါတယ်။
မန်စီးတီးရဲ့ ဖိအားပေးနေမှုတွေကို စပါးဟာ ကွင်းဘေးစည်းမှာပဲ ကပ်ကစားရင်း ပုံစံအစုံနဲ့ကျော်ဖြတ်နေပါတယ်။ ပထမတစ်ဆင့် ဖိအားပေးတာကို ကျော်လိုက်တာနဲ့ မန်စီးတီးအတွက် ခြိမ်းခြောက်မှု တစ်ခုလို ပြန်ဖြစ်သွားပြီး၊ အဝေးပေးပို့မှုတွေကလည်း အဟောသိကံဖြစ်တာနည်းပါတယ်။ ဆွန်နဲ့ ကူလူဆက်စကီးဟာ နောက်ကို အတော်များများဆင်းပြီး မန်စီးတီး ဖိအားပေးမှုကို ကျော်ဖြတ်ဖို့ပါဝင်ခဲ့ကြသလို၊ ဆား၊ဘစ်ဆူးမားနဲ့ အူဒိုဂီတို့ အတွဲအဖက်ဟာ မန်စီးတီးကွင်းလယ်ကို လိုသလို ကစားသွားခဲ့ပါတယ်။
ဆိုတော့ကာ ဗျူဟာ၊ အကောင်အထည်ဖော်မှု၊ တစ်ယောက်ချင်းစီရဲ့ အစွမ်း သုံးခုလည်း ထပ်တူကျကောင်းမွန်နေခဲ့တဲ့ စပါးဟာ သူတို့နဲ့ထိုက်တန်တဲ့ ရလဒ်ကို ရခဲ့တော့တာပါပဲ။
မန်စီးတီးအပိုင်းကို ပြောရရင်တော့ ရိုဒရီပါခြင်းမပါခြင်းရဲ့ နောက်ဆက်တွဲကိစ္စတွေကို ဆက်ပြောရပါတော့မယ်။ မန်စီးတီးရဲ့ အားသာချက်ဟာ သူတို့ရဲ့ စနစ်လို့ပြောနိုင်ပြီး၊ ဘယ်အသင်းမှ မမီသေးတဲ့ အင်မတန်စည်းစနစ်ကျလည်ပတ်နေတဲ့ စနစ်တစ်ခုကို ပုံဖော်ထားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့ရဲ့အားနည်းချက်ဟာ လည်း ဒီစနစ်ပဲလို့ပြောရပါတော့မယ်။ ဒီလိုစနစ်တစ်ခု အကောင်အထည်ဖော်ဖို့ ပက်ဟာ အချိန်ပေးတည်ဆောက်၊ စဉ်ဆက်မပြတ် ပုံသွင်းမွမ်းမံထားရပြီး၊ ကစားသမားတွေကိုယ်တိုင်လည်း ဒီစနစ်မှာ ပါဝင်ကစားဖို့ ပရိုဂရမ်ဆွဲထားသလို လေ့ကျင့်ထားရတယ်လို့တွေးကြည့်ပါစို့။ ဒီစနစ်က ပြဌာန်းထားတဲ့ လုပ်ဆောင်မှုတွေအပြင် အခြားတစ်ခုကို လုပ်ဖို့ ကစားသမားတွေကိုယ်တိုင် ခေါက်ရိုးကျိုးလာသလို ဖြစ်လာခဲ့ပြီး၊ မြင်သာအောင်ပြောရရင် ကြံရည်ဖန်ရည်ထက် ပုံသေနည်းအများကြီးဆန်နေပါတော့တယ်။ ဥပမာ ပြောရရင် စပါးက တိုက်စစ်စပြီဆိုတာနဲ့ လွတ်တဲ့နေရာကို လွန်းထိုး ပြေးလွှားနေပြီး၊ ပေးပို့မှုလုပ်မဲ့သူကလည်း အဲ့ဒီအချိန်မှာ အကောင်းဆုံးဖြစ်မဲ့ဟာကို လုပ်တယ်၊ ဖြစ်နေတဲ့အခြေအနေပေါ်မူတည်ပြီး ဘာလုပ်မလဲကို လွတ်လွတ်လပ်လပ် လုပ်နေကြတဲ့အချိန်မှာ မန်စီးတီးကတော့ ပုံသေနည်းဆန်နေဆဲပါပဲ။ ဒါဟာ မန်စီးတီးရဲ့ ဒင်္ဂါးပြားဖြစ်ပြီး၊ ဘယ်ဘက်ကျမလဲဆိုတာပေါ်မူတည်ပြီး ရလဒ်တွေ ပြောင်းနေတယ်ဆိုရမှာပါ။
ပက်ကိုယ်တိုင်လည်း သူတည်ဆောက်ထားတဲ့ စနစ်အပေါ်မှာ အစွဲကြီးပါတယ်။ အစွဲကြီးစေလောက်တဲ့ အကြောင်းပြချက်ကလည်း အခိုင်အမာရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးကစားသမားတွေဆိုတာ ဒီစနစ်မှာကစားနေလို့ကို ပိုကောင်းတာဆိုတဲ့ အတွေးလည်း တွေးနိုင်သေးတာမလို့ ဒီလိုမျိုး စနစ်အပေါ်မှာ အဓိကလည်ပတ်နေမှုကို အကောင်းအဆိုး ဝေဖန်နိုင်စွမ်း မရှိဘဲ၊ ပက် ကိုယ်တိုင်သာ ဖြေရှင်းရမဲ့ ကိစ္စပါပဲ။
အချုပ်မှာတော့ အန်ဂျီနဲ့ စပါးဟာ ပွဲကြို၊ ပွဲတွင်း ချီးကျူးရမဲ့ ကိစ္စတွေနဲ့အတူ ထိုက်တန်တဲ့ နိုင်ပွဲကို အရယူသွားခဲ့ပြီး၊ မန်စီးတီးကိုယ်တိုင်ဖြေရှင်းရမဲ့ ပြဿနာတွေကို အရှိန်မြှင့်ပေးခဲ့တာပါပဲ။
Credit – TotalSports [FB Page]