📌စီရော်နယ်ဒို ဆိုတာ ဘယ်သူလဲ ?
စံချိန်တွေ ၊ သွင်းဂိုးတွေ ၊ ဆုဖလားတွေ ၊ လေ့ကျင့်မှုတွေ ၊ စိတ်အားထက်သန်မှုတွေ ၊မဆုတ်မနစ်ကြိုးစားမှုတွေ ၊ စည်းကမ်းရှိမှုတွေ ၊ ပုံမှန်လုပ်ဆောင်နိုင်မှုတွေ နဲ့ တွဲပြီးမြင်ကြည့်မယ်ဆိုရင် ရာစုနှစ်တခုရဲ့ တခေတ်မှာ တယောက်ပေါ်ထွန်းတတ်တဲ့ လူငယ်များရဲ့ လေးစားအားကျဖွယ်ရာ စက်ရုပ်လူသားလို့တင်စားကြတဲ့ ဘောလုံးသမားတယောက်ကို ကျွန်တော်တို့ အခုလက်ရှိ ၂၁ ရာစုမှာမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ဟုတ်ပါတယ် အထက်ပါအကြောင်းအရာ အချက်အလက်တွေအားလုံးနဲ့ ကိုက်ညီနေတဲ့ ကစားသမားကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ပေါ်တူဂီနိုင်ငံ နဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ ခေါင်းဆောင် စီရော်နော်ဒို ပဲဖြစ်ပါတယ်။
📌စီရော်နယ်ဒို ရဲ့ ငယ်ဘဝ
ချို့တဲ့ တဲ့ မိသားစုမှာ ခက်ခက်ခဲခဲ ငယ်ဘဝကိုအိမ်သေးသေးလေးထဲမှာ ဖြတ်သန်းခဲ့ရပြီး သိတတ်စအရွယ် ကလေး တယောက်ဖြစ်လာတဲ့အချိန်မှာတော့ Ronaldo ဟာ ဘောလုံးကစားခြင်းကို ရပ်ကွက်ထဲက လမ်းမတွေပေါ်မှာ ထမင်းမေ့ ဟင်းမေ့ ကစားခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်မှာတော့ ဖခင်ဖြစ်သူအလုပ်လုပ်တဲ့ Andorinha အမည်ရှိ ဒေသတွင်းဘောလုံးအသင်းမှာ ကစားခဲ့ပြီးနောက် ကျွန်းပေါ်ရှိ အကြီးဆုံးကလပ်ထဲက Nacional အသင်းသို့ ပြောင်းရွှေ့ကစားခွင့်ရခဲ့ပါတယ်။
ငယ်စဥ်ထဲက ဘောလုံးကို ရူးရူးမူးမူးဝါသနာပါပြီး ကြိုးစားအားထုတ်ကစားတတ်တဲ့ စီရော်နယ်ဒိုဟာ အသက် ၁၂ နှစ်အရွယ်မှာတော့ ဘဝတဆစ်ချိုးပြောင်းလဲဖို့အတွက် ခြေလှမ်းအစဖြစ်တဲ့ အခြေနေကြုံခဲ့ရပါတယ်။
အဲ့ဒီအဖြစ်အပျက်ကတော့ ပေါ်တူဂီ ပြည်တွင်းမှာ အောင်မြင်မှု အများဆုံးဖြစ်တဲ့ Sporting CP လူငယ်အကယ်ဒမီကို ပြောင်းရွှေ့ဖို့အတွက် အခွင့်ရေးပဲဖြစ်ပါတယ်။ ကလေးတယောက်အနေ နဲ့ ခက်ခဲတဲ့အချိန်ကာလတွေကို အိမ်ရဲ့အဝေးမှာ နေထိုင်ခဲ့ရပြီး နေ့ရက်တွေကို စိတ်ဓာတ်ခိုင်မာမှုနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒီလိုနဲ့ အသက် ၁၆ အရွယ်ရောက်တဲ့အချိန်မှာ လူပျိုပေါက် စီရော်နယ်ဒိုဟာ လူငယ်အသင်းမှ တဆင့် အသင်းကြီးမှာ လေ့ကျင့်ခန်းဆင်းခွင့်စရခဲ့ပြီး ကစားခွင့်ရခဲ့ပါတယ်။
📌စီရော်နယ်ဒို နဲ့ အောင်မြင်မှုသို့သွားရာလမ်း
၂၀၀၃ ခုနှစ် အရောက်မှာတော့ Sporting CP အသင်းရဲ့ ကွင်းသစ်ဖွင့်ပွဲအနေနဲ့ ချစ်ကြည်ရေး ကစားခဲ့ကြတဲ့ပွဲမှာတော့ စီရော်နယ်ဒို ရဲ့ အောင်မြင်တွေဆီခေါ်ဆောင်သွားမဲ့လမ်းစလို့ပြောရမဲ့အခြေအနေမျိုးနဲ့ကြုံခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ကစားခဲ့တဲ့ ဆံပင်ကောက်ကောက် နဲ့ လူငယ်ခြေတက်ကစားသမားလေး စီရော်နယ်ဒိုဟာ အဲ့ချိန်မှာ အင်အားတောင့်တင်းတဲ့ မန်ယူလိုအသင်းက ဝါရင့်ကစားသမားကြီးတွေကို လိမ်ခေါက်ကျော်ဖြတ်တဲ့စကေးတွေ ၊အတိုးအလှုပ်တွေ၊ အဝေးသွင်းကန်ချက်တွေ နဲ့ တောင်ပံကနေ ဧရိယာအတွင်းအမြင့်ဘောဖန်တီးမှုတွေဟာ အဲ့အချိန်က မန်ယူနိုက်တက်တို့ရဲ့ ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့အချိန်က မန်ယူနိုက်တက်ရဲ့ ဝါရင့်အဓိက ကစားသမားတွေဖြစ်တဲ့ Rio Ferdinand / Ryan Giggs နဲ့ Roy Keane တို့အပါအဝင် ကစားသမားအများစုက စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် နည်းပြကြီးကို တောင်းဆိုခဲ့ကြပါတယ်။
📌စီရော်နယ်ဒို နဲ့ မန်ယူကစားသမားဘဝ
ဒီလိုနဲ့ ၁၈ နှစ်သားအရွယ် စီရော်နယ်ဒိုဟာ၂၀၀၃ ခုနှစ် သြဂုတ်လ ၁၂ နေ့မှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်း နဲ့ အိုးထရက်စ်ဖို့ ကွင်းမှာ ကစားဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါအပြင် လူငယ်လေးတယောက် အနေနဲ့ အဲ့ချိန်က သူဝတ်ဆင်ရမဲ့ နံပါတ်ကလဲ အသင်းရဲ့ ဂန္တဝင် ကျောနံပါတ်ဖြစ်တဲ့ နံပါတ် 7 ကိုဝတ်ဆင်ကစားရမှာဖြစ်ပြီး ဒီအခြေအနေဟာ လူငယ်တယောက် အနေနဲ့ အမှန်တကယ် တာဝန်ကြီးပါတယ်။မန်ယူဆို အများအပြားအင်နဲ့အားနဲ့ အားပေးကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ဒိုလေး ဒိုလေး ဆိုပြီး နာမည်စကြီးလာခဲ့ပါတယ်။
အသင်းကို ရောက်ပြီး ၄ ရက်အကြာမှာတော့ ၂၀၀၃/၂၀၀၄ ပရီးမီးယားလိဂ်ရဲ့ ပွဲဦးထွက် ပွဲကို ဘော်တန်အသင်း နဲ့ ပွဲစဥ်မှာပွဲထွက်ခွင့်စရခဲ့ပြီး ပရိတ်သတ်အများစု ပြိုင်ဘက်ကစားသမားအများစုရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ ယူနိုက်တက် ကစားသမားဘဝ ၃ လအကြာ ပို့စ်မောက်သင်း နဲ့ အိမ်ကွင်းမှာကစားတဲ့ ပွဲစဥ်မှာတော့ ၃-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ယူနိုက်တက်အတွက် ပထမဆုံးသွင်းဂိုး ကို ပွဲချိန် မိနစ် ၈၀ မှာ ၂၅ကိုက်အကွာကနေ ဖရီးကစ်ကနေတဆင့် သွင်းယူပေးခဲ့ပြီး ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အသဲနှလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။
ကစားသမားဘဝအစ မှာတော့ အသင်းမှာရှိတဲ့ စီနီယာ ကစားသမားတချို့ နဲ့ အဆင်မပြေမှုတွေ အနိုင်ကျင့်ခံရမှုတွေရှိခဲ့ပေမဲ့ သူ့အိမ်မက် သူသိတဲ့ ရော်နယ်ဒိုဟာ အဲ့အချိန်ထဲက ကိုယ်ပိုင်ယုံကြည်မှုအပြည့်ရှိသူတယောက်အဖြစ် ပြယုဂ်တခုအနေနဲ့ စတင်နေပါပြီ။သူရဲ့အရေးပါပုံကို သူရဲ့ ကစားအားတွေ ၊ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေနဲ့ သက်သေပြခဲ့ပါတယ်။ အဲ့နောက်မှာတော့ မန်ယူရဲ့ အကောင်းဆုံး 3ယောက်တွဲ တိုက်စစ်အနေ နဲ့ စီရော်နယ်ဒို ၊ ရွန်းနီ နဲ့ တီဗက်စ် ကို ပြိုင်ဘက် ကစားသမားတိုင်းကြောက်ရွံရတဲ့အထိ ခြေစွမ်းပြခဲ့ပြီး ၂၀၀၇-၂၀၀၈ ခုနှစ် တစ်ရာသီထဲမှာ မန်ယူအသင်းအတွက် ဖလား ၃လုံးယူဆောင်နိုင်တဲ့အထိ ခြေစွမ်းပြခဲ့ကြတဲ့အပြင် ဘောလုံးသမားတိုင်းရဲ့ အိမ်မက်လို့ဆိုရမဲ့ အထင်ကရ ဆုဖြစ်တဲ့ Ballon d’Or ဆုကိုပါ စီရော်နယ်ဒို သိမ်းပိုက်သွားခဲ့ပြီး ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ထင်မှတ်မထားတဲ့ အဖြစ်အပျက် ၁ ခု ၂၀၀၈ ယူရိုပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ Portugal Vs England နဲ့ တွေ့တဲ့ပွဲမှာ ကလပ် အသင်းဖော် ရွန်းနီကို အနီကဒ် နဲ့ ထွက်ရအောင် တွန်းအားပေးခဲ့တဲ့ ပုံရိပ်တွေဟာ England ပရိတ်သတ်တွေကြား ပွတ်လောရိုက်သွားခဲ့ပါတယ်။
နိုင်ငံပွဲတွေပြီးလို့ ယူနိုက်တက်မှာ ပုံမှန် ကလပ်ပွဲစဥ်တွေ ကစားရတဲ့အချိန်မှာတော့ ဒေါသူပုန်ထနေတဲ့ England နဲ့ ယူနိုက်တက် ပရိတ်သတ်တွေရဲ့ Ronaldo Out စာတန်းပါ ဆိုင်းဘုတ်တွေ အများအပြားမြင်တွေ့ခဲ့ရပြီး စီရော်နယ်ဒို နဲ့ အကောင်းဆုံးအချိန်အစပျိုးစဥ်မှာပဲ ယူနိုက်တက် နဲ့ လမ်းခွဲဖို့အကြောင်းတွေ ဖြစ်လာခဲ့ပါတော့တယ်။
📌စီရော်နယ်ဒို နဲ့ ရီးရဲလ်ကစားသမားဘဝ
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အင်္ဂလန် ပရိတ်သတ်တွေရဲ့ အမုန်းဖိအားတွေနဲ့ ရုန်းကန်နေရတဲ့ စီရော်နယ်ဒိုကို အစဥ်အလာကြီးမားတဲ့ ကြယ်စင်စု အသိုက်အဝန်းဖြစ်တဲ့ ရီးရဲလ် သို့ နည်းပြပီလီဂရီနီဟာ မန်ယူ နဲ့ အက်စတွန်ဗီလာပွဲစဥ်က ခြေစွမ်းကိုကြည့်ပြီး သဘောကြတဲ့အတွက် ခေါ်ယူဖို့အတွက်အကြောင်းဖန်လာခဲ့ပါတယ်။ထိုစဥ်က တကယ်ထိပ်တန်းဖြစ်နေတဲ့ စီရော်နယ်ဒိုကို ကမ္ဘာအမြင့်ဆုံး စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း (၈၀) ထိ အသုံးပြုပြီး ခေါ်ယူခဲ့ပါတယ်။ကစားသမားမိတ်ဆက်ပွဲမှာတင် ပရိတ်သတ်ပေါင်း (၈၀,၀၀၀) ကျော်ထိ တက်ရောက်ကြိုဆိုခဲ့ကြပြီး အဲ့မတိုင်ခင် ပရိတ်သတ်အများဆုံးလာရောက်ခဲ့တဲ့ မာရာဒိုနာ နာပိုလီအသင်းမှာ မိတ်ဆက်ပွဲပြုလုပ်ခဲ့စဥ်ကထက် များပြားခဲ့ပါတယ်။
ပိုကောင်းတဲ့ ပတ်ဝန်းကျင်တခုကို ရောက်သွားခဲ့တဲ့ စီရော်နယ်ဒို ဟာ တောက်မဲ့ မီးခဲ တရဲရဲလို့ပဲ ပြောရမလား မြင်းကို တောင်ပံတက်ပေးလိုက်တယ်လို့ပဲဆိုမလား ပထမဦးဆုံး ရီးရဲလ်နဲ့ ပွဲဦးထွက်မှာတင် Deportivo နဲ့ ကစားခဲ့ပြီး ဂိုးသွင်းခဲ့တဲ့အထိ အစကောင်းခဲ့ပါတယ်။ပထမပြောင်းရွှေ့ ရာသီမှာတောင် ဒဏ်ရာပြဿနာတွေရှိခဲ့ပေမဲ့ ၃၃ ဂိုးသွင်းခဲ့တဲ့အထိ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စီရော်နယ်ဒိုရဲ့ ရွှေခေတ်လို့ ပြောရမဲ့ အကောင်းဆုံး အချိန်တွေဖြစ်တဲ့ ၂၀၁၀ ကနေ ၂၀၁၈ နှစ်အထိ ဂျိုဆေး မော်ရင်ဟို ၊ အန်ဆလော့တီ နဲ့ ဇီဒန်း တို့လို ထိပ်တန်းနည်းပြတွေလက်အောက်မှာ နောက်ထပ် သမိုင်းဝင် သုံးယောက်တွဲတိုက်စစ် ဖြစ်တဲ့ BBC (Greth Bale/Karim Benzema/Cristiano Ronaldo)တိုက်စစ်ကို ဖန်တီးပြီး တဖက်က MSN(Messi/Suarez/Neymar)တို့နဲ့အပြိုင်ကြဲနိုင်ခဲ့ကြပါတယ်။ တကယ်ကောင်းခဲ့တဲ့ ကစားသမား အများအပြားနဲ့လဲတွဲကစားခွင့်ရခဲ့သလို အောင်မြင်မှု မှတ်တိုင်ပေါင်းများစွာကိုလဲ စိုက်ထူနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းရဲ့ ၁၂နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို စီရော်နယ်ဒိုရောက်လာချိန်မှာ ပြန်လည်ရယူနိုင်ခဲ့တာတွေ ၊ ပြောစမတ်တွင်အောင် ၂၀၁၆ ကနေ ၂၀၁၈ ထိ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာတွေ ၊ သွင်းဂိုးတွေ ၊ ဂိုးသွင်းအများဆုံးဆုတွေ ၊ ဆုဖလားတွေအပြင် တဦးချင်းဆုတံဆိပ်များစွာကိုလဲ ရီးရဲလ်မှာရှိနေခဲ့စဥ် အရယူနိုင်ခဲ့ပါတယ်။
အောင်မြင်မှုတွေရလာခဲ့ပြီးတဲ့နောက် စီရော်နယ်ဒို ဟာ ရီးရဲလ်ကနေထွက်ခွာရမဲ့ ကိစ္စတွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။ ကလပ်နဲ့ လစာတိုးမြှင့်ပေးရေး ညှိုနှိုင်းမှုကို ဥက္ကဌ Peres ငြင်းပယ်မှု / စပိန်အစိုးရ နဲ့ အခွန်ပြဿနာများ ကြုံတွေ့ခဲ့ရပြီး ယူရို ၁၉ သန်းနီးပါး ဒဏ်ကြေးပေးဆောင်ခဲ့ရမှုတွေ ၊ သူ့ကို အကြီးအကျယ်ထောက်ခံမှုပေးတဲ့ နည်းပြ ဇီဒန်းအသင်းကထွက်ခွာမှုတွေ ဖြစ်လာခဲ့တဲ့နောက်မှာတော့ ကိုယ်တိုင်ကိုက စိန်ခေါ်မှုအသစ်အသစ်တွေကို အမြဲဆာလောင်နေတဲ့ စီရော်နယ်ဒို လို လူတစ်ယောက်အတွက် အသင်းပြောင်းတာ အကောင်းဆုံး ရွေးချယ်မှုအဖြစ် ရွေးချယ်ခဲ့ပြီး ဘာနေဗျူး ကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။
📌စီရော်နယ်ဒို နဲ့ ဂျူဗင်တပ်စ် ကစားသမားဘဝ
စီရော်နယ်ဒို အသက် ၃၃ အချိန်မှာ ပြောင်းရွှေ့ကြေးက ယူရို သန်း၁၀၀ နဲ့ တခြားအပိုဆုကြေး ၁၂ သန်းပါဝင်တဲ့ စာချုပ်တခုကို စီးရီးအေရဲ့ ထိပ်သီးကလပ် တခုဖြစ်တဲ့ ဂျူဗင်တပ်စ် အသင်းနဲ့ ချုပ်ဆိုခဲ့ပြီး အီတလီမြေကိုခြေချခဲ့ပါတော့တယ် ။ သူရောက်လာပြီဆိုတာနဲ့ ကလပ်ရဲ့ ဘဏ္ဏာရေးပိုင်းမှာ သူ့ရဲ့ပုံရိပ်တွေနဲ့ အမြတ်ထွက်ခဲ့တာလဲ မနည်းလှတဲ့အပြင် Pro ကစားသမားပီသကြောင်းကို ရောက်လေရာ အရပ်မှာ သက်သေပြနိုင်ခဲ့ပြန်ပါတယ်။
2018-2019 / 2019-2020 ၂ နှစ် ဆက်တိုက် စီးရီးအေ ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ရဲ့ သူရဲကောင်းလို့ တင်စားခဲ့ကြပေမဲ့ ဂျူဗင်တပ်စ် အသင်းနဲ့တော့ ချန်ပီယံလိဂ်ဖလားသိမ်းပိတ်နိုင်ခြင်းမျိုးမရှိခဲ့ပဲ အမြင့်ဆုံးအဆင့်အနေနဲ့၁၆ သင်းရှုံးထွက်အဆင့်လောက်ထိသာ ကစားခဲ့ရပါတယ် ။ သို့ပေမဲ့လဲ တခြားသော အောင်မြင်မှုများ တကိုယ်တော် ဆုတံဆိပ်များစွာကိုတော့ အရယူနိုင်ခဲ့တဲ့အပြင် စီးရီးအေရဲ့ အသက် ၃၅ နှစ် နဲ့အထက် မှာ ကစားသမား ၁ ဦးအနေနဲ့ တစ်ရာသီလုံးမှာ ၃၁ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လဲ မှတ်တမ်း ဝင်နိုင်ခဲ့ပါတယ်။
မျိုးစုံ ကြိုးခုံသော ပြဿနာတွေကြားမှာ ၃ နှစ်တာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ချန်ပီယံလိဂ် ဖလားမရတာတွေ ၊ နည်းပြရဲ့ လစာလျော့ချရန် စီမံကိန်းရေးဆွဲမှုတွေ နဲ့ covid 19 ကာလအတွင်း ဘဏ္ဍာရေး ကျဆင်းမှုတို့ဟာ လစာကြေးမြင့်မားတဲ့ စီရော်နယ်ဒို ကစားသမားတယောက်ကို အသင်းမှာ ခေါ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ အနေအထားကိုရောက်လာခဲ့ပြီး လမ်းခွဲဖို့အတွက် ဆုံးဖြတ်လိုက်ရပါတော့တယ်။
📌စီရော်နယ်ဒို နဲ့ တကျော့ပြန် မန်ယူကစားသမားဘဝ
အပြောင်းအရွှေ့ကာလ မန်စီးတီးကိုရောက်မလား ချဲလ်ဆီးကိုပဲရောက်မလား ဘယ်အသင်းကို ရောက်မယ်မှန်း အားလုံးသေချာ မသိကြတဲ့အချိန်မှာ သူကို တချိန်က ဖခင်တယောက်လိုရော ဆရာတယောက်လိုပါ ဆက်ဆံခဲ့သူ နည်းပြ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ဖုန်းဆက်လာခြင်း ဟာ များစွာမှ ခရီးရောက်စေခဲ့ပါတယ်။ ဆရာသမားရဲ့ စကားကို မငြင်းပယ်နိုင်တဲ့ စီရော်နယ်ဒိုဟာ ၁၂ နှစ်ကြာဝေးကွာနေတဲ့ သူရဲ့ အသင်းဟောင်းကို ပြန်လာဖို့အတွက် အခွင့်အရေးဖန်လာပါတော့တယ် ။ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းသာ အသုံးပြုခဲ့ရပေမဲ့ ရော်နယ်ဒိုရဲ့ ပြန်လာခြင်းဟာ မန်ယူနိုက်တက်အတွက် များစွာမှ အမြတ်ထွက်ခဲ့တယ်လို့ဆိုရပါမယ်။
သူ၏ပြန်လည်ရောက်ရှိမှုဟာ ကမ္ဘာလုံးဆိုင်ရာ သြဇာကြီးမားစွာ သက်ရောက်ခဲ့ပါတယ်။ မန်ယူ၏ လူမှုမီဒီယာ၊ အင်္ကျီရောင်းအား၊ စတော့စျေးနှုန်း များ အဆမတန်မြင့်တက်သွားခဲ့ပြီး စီရော်နယ်ဒို ၏ ပါဝင်မှုဟာ ကလပ်သို့ အာရုံစိုက်မှု၊ ငွေကြေးနှင့် မျှော်လင့်ချက်များ ယူဆောင်လာခဲ့ပါတယ်။ သွင်းဂိုးတွေ နဲ့ အောင်မြင်မှုတွေကို အမြဲဆာလောင်နေတဲ့ သူဟာ ကလပ်အသင်းအခြေအနေ မကောင်းတဲ့ကြားကတောင်မှ 2021 – 2022 ရာသီအတွင်း ၂၄ ဂိုးထိသွင်းပြီး သူ့အသက်အရွယ်နဲ့ လုပ်ပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စီရော်နယ်ဒို ရဲ့ မန်ယူ တကျော့ပြန်ခရီးက မလှပခဲ့ပါဘူး ။ အသင်းခေါင်းဆောင် လက်ပတ် ကိစ္စတွေ ၊ အဝတ်လဲခန်းအတွင်း သူ တလူ ငါတမင်း နဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ ၊အဓိကပွဲစဥ်တွေမှာ ချန်ထားခံခဲ့ရမှုတွေကြောင့် နည်းပြသစ် တန်ဟက် နဲ့ အဆင်မပြေတာတွေ၊ အသင်းအဓိကထောက်ပံ့ပေးရမဲ့ ကိစ္စတွေ ကြားမှာ မျိုးစုံသော အခက်အခဲတွေရင်ဆိုင်ခဲ့ရပါတယ်။ သူရဲ့ အမျိုးသမီးဖြစ်သူ ဗိုက်ထဲက ကလေး သေဆုံးသွားပြီးတဲ့နောက်မှာတော့ စီရော်နယ်ဒိုရဲ့ ကလပ်အသင်း ဘုတ်အဖွဲ့တွေနဲ့ နည်းပြအပေါ်သီးခံနိုင်စွမ်းကုန်သွားခဲ့ပြီး Piers Morgan နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး ယိုယွင်း ပျက်စီးနေတဲ့ ယူနိုက်တက်ရဲ့ ပြဿနာတွေ၊ နည်းပြနဲ့အဆင်မပြေမှုတွေ အပြင် ဂလေဇာမိသားစုရဲ့ စီးပွားရေးဆန်တဲ့မူဝါဒတွေ ကို ဖွင့်ချပြခဲ့ပြီးနောက်မှာတော့ ပဋိပက္ခတွေနဲ့ပဲ နောက်တကြိမ်ထပ်ပြီး လမ်းခွဲသွားခဲ့ပါတော့တယ် ။
📌စီရော်နယ်ဒို နဲ့ အယ်လ်နာဆာကစားသမားဘဝ
သူစတင် အောင်မြင်ခဲ့တဲ့ ကလပ်တခုကို ပြန်ပေးဆပ်ချင်တဲ့ စိတ်တွေနဲ့ ပြန်လာခဲ့ပေမဲ့ စိတ်ညစ်စရာတွေသာ ကြုံခဲ့ရတဲ့ စီရော်နယ်ဒိုဟာ နောက်ဆုံးမှာတော့ အသက်အရွယ် ၊ အောင်မြင်မှု နဲ့ ငွေကြေး တို့အတွက် ခိုင်မာစေမဲ့ နေရာကို ရွေးချယ်ဖို့ အချိန်ရောက်လာပါတော့တယ် ။ သူအများကြီး လုပ်ပြခဲ့ပြီးပြီ အများကြီးကြိုးစားခဲ့ပြီးပြီဆိုပေမဲ့ ဒီအသက်အရွယ်ထိ ကြိုးစားမှုတွေဟာ မရပ်သေးချိန်မှာတော့ ၁ နှစ်လစာ ဒေါ်လာ ၂၀၀ မီလီယံ အပြင် စျေးကွက်ရှာဖွေရေး သဘောတူညီချက်များ ၊ အခြားသော အထူးအခွင့်အရေးတွေအပြင် သူ့လို ဂန္တဝင်ကစားသမား တယောက်ကို တလေးတစား ရှိမဲ့ ဆော်ဒီကလပ် အယ်နာဆာအသင်းကို ပြောင်းရွှေ့ဖို့ ၂၀၂၂ ဒီဇင်ဘာမှာ သဘောတူညီခဲ့ကြပါတယ်။
ရော်နယ်ဒို ဟာ ရော်နယ်ဒိုပါပဲလို့ပြောရလောက်အောင် လူမသိ သူမသိ ဆော်ဒီလိဂ်ကို နေ့ချင်းညချင်း နာမည်ကြီးလာအောင် စွမ်းဆောင်နိုင်ခဲ့သလို၊ ဂျာစီ ၁ နာရီအတွင်း ဒေါ်လာ ၅ သန်းထိ ရောင်းချနိုင်မှု ၊ Al-Nassr ၏ Instagram Follower ၁၅ သန်းမှ ၂၀ သန်းသို့ တိုးတက်မှုတို့ ကို 24 နာရီအတွင်းလုပ်ပြနိုင်ခဲ့ပြန်ပါတယ်။ ရာသီဥတု မတူညီမှု တွေနဲ့ ရောက်ရောက်ချင်းမှာ အခက်ခဲရှိခဲ့ပေမဲ့ Arab Club ချန်ပီယံ ဆုဖလားကို 2023 မှာ ယူနိုင်ခဲ့တဲ့အပြင် အခုလက်ရှိအချိန်သက်ကြီးပိုင်းမှာတောင် သွင်းဂိုးတွေနဲ့ ပြိုင်ဘက်အသင်းတွေကို ချိန်းခြောက်နေတုန်းပါပဲ ။
တဖက်မှာ ပြန်ကြည့်မယ်ဆိုရင်လဲ သူရဲ့ ဆော်ဒီလိဂ်ကို အစပျိုး ပြောင်းရွှေ့မှုဟာ အခြားသော အသင်းတွေ ကစားသမားတွေ အတွက် များစွာ အားတခုဖြစ်ရသလို ရော်နယ်ဒို ရောက်လာပြီးနောက်ပိုင်းမှ သူ့လိုပဲ ဥရောပကနေ ပြောင်းရွှေ့လာကြတဲ့ ကစားသမားတွေကို နေမာ ၊ ဘန်ဇီမား ၊ မာနေး ၊ ကန်တီ ၊ ဖေဘင်ဟို ၊ဖာမီနို အပြင် အခြားကစားသမားတွေ အများအပြားရောက်လာကြပြီး နောက်ရာသီဆို ဒီဘရိုင်းပါ ပြောင်းလာတော့မှာဖြစ်တဲ့အတွက် ဆော်ဒီလိဂ်ရဲ့ အဆင့်အတန်းဟာ တကယ်ကို မြင့်မားလာခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့ ရနေပါပြီ။
📌စီရော်နယ်ဒို နဲ့ ပေါ်တူဂီ ကစားသမားဘဝ
စီရော်နယ်ဒို ရဲ့ ကလပ်အသင်းအောင်မြင်မှုတွေကိုဖော်ပြီပြီးတဲ့နောက်မှတော့ ချန်ထားလို့ မရတဲ့ အမိမြေအတွက် အကျိုးပြုဖြတ်သန်းမှုတွေကို ဆက်သွားချင်ပါတယ်။ ငယ်စဥ်ထဲက ကြိုးစားပြီး အရည်အချင်း ရှိတဲ့ ကစားသမားတယောက်ဖြစ်တာကြောင့် အသက် ၁၈ နှစ်မှာတင် Kazakhstan ပထမဆုံး နိုင်ငံပွဲဦးထွက်ပွဲကို ကစားခွင့်ရခဲ့ပါတယ်။ ဂန္တဝင်ကစားသမား တစ် ဦးဖြစ်တဲ့ Figo တို့နဲ့လဲ တွဲကစားခွင့်ရခဲ့သလို ပေါ်တူဂီကို နိုင်ငံအသင်း တွေရဲ့ ဖိုင်နယ်အဆင့်သို့ ၄ ကြိမ်ထိ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
နိုင်ငံအသင်းအတွက် အကြီးမားဆုံးအောင်မြင်မှုအနေနဲ့ Euro 2016 မှာ ချန်ပီယံ ဆုရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဒဏ်ရာကြောင့် ပွဲအတွင်းက ထွက်ခွာခဲ့ရပေမဲ့ သူရဲ့ အသင်းအပေါ် စိုးမိုးနိုင်မှုဟာ Video အတိုလေးတွေ အနေနဲ့ ကျွန်တော်တို့ အွန်လိုင်းမှာ တော်တော်များများ မြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ နည်းပြထက် အသင်းပေါ် ဦးဆောင်နိုင်ခဲ့တဲ့ အခိုင်အတန့်တွေဆိုလဲ အမှားသလို ဖလားရတဲ့အချိန်မှာလဲ “ငါတို့ဘဝရဲ့ အကောင်းဆုံးနေ့”လို့ ပြောသွားခဲ့ပါသေးတယ်။
၂၀၁၉ မှာ နယ်သာလန် နိုင်ငံအသင်းကို (၁-၀) ဖြင့် အနိုင်ရရှိခဲ့ပြီး UEFA Nations League ဆုဖလားရရှိခဲ့ပါသေးတယ်။ 2022 FIFA World Cup မှာတော့ ဇီယက်စ် ဦးဆောင်တဲ့ Morocco အသင်းကို ရှုံးနိမ့်ခဲ့ပြီး Quarter-Final ကနေ မျက်ရည်တွေနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ Ronaldo ဟာ ပေါ်တူဂီဘောလုံးသမိုင်းတွင် အထင်ရှားဆုံးကစားသမား ဖြစ်ပြီး၊ နိုင်ငံငယ်လေးအား ကမ္ဘာ့အဆင့်အောင်မြင်မှုများ ရရှိစေခဲ့တဲ့အထိ စွမ်းဆောင်ပေးခဲ့ပါတယ် ။ သူ၏ စွမ်းဆောင်ရည်၊ စိတ်ဓာတ်နှင့် ဂိုးသွင်းမှုများက နောက်လာမည့်မျိုးဆက်များအတွက် စံနမူနာ ဖြစ်စေခဲ့မှာတော့ အမှန်ပါပဲဗျာ ။
📌စီရော်နယ်ဒို ဘာလဲ ဘယ်လဲ
ငယ်စဥ်ဘဝထဲကနေ အခက်အခဲ အဆင်မပြေမှုတွေကြားကနေ သူ့ရဲ့ပုံမှန်ထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေ ၊ စည်းကမ်းရှိမှုတွေ ၊ နိုင်လိုစိတ်ပြင်းပြမှုတွေ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားမှုတွေဟာ ယနေ့ခေတ်လူငယ် ကစားသမားတွေအတွက်တော့ ကြိုးစားမှု ပြယုဂ်အဖြစ် ကျန်ရစ်နေဆဲဖြစ်တယ်ဆိုတာကို ဒီနေ့အချိန်မှာ မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်။ အသက် ၄၀ သာရောက်နေတာ စွမ်းဆောင်ရည်တွေ လုပ်ပြနိုင်မှုတွေက သူ့အသက်ရွယ်နဲ့ မလိုက်အောင် လုပ်ပြနိုင်တုန်းပါပဲ။ ဘောလုံးသမား တယောက်ထက်ပိုတဲ့ ဖျော်ဖြေမှုတွေ စိတ်ဓာတ်ခွန်အားတွေကို ကျွန်တော်တို့အနေ နဲ့ မြင်တွေ့ခွင့်ရတာဟာလဲ ကံကောင်းခြင်း တမျိုးပါပဲ ။
“အိပ်မက်ဆိုတာ မင်းရဲ့အိပ်ယာထဲမှာ မင်းမြင်ရတဲ့ အရာမဟုတ်ဘူး”
“ကြိုးစားအားထုတ်မှုမရှိဘဲ ပါရမီဆိုတာ က ဘာမှဖြစ်လာမှာမဟုတ်ဘူး”
“ငါ့အိပ်မက်တွေကို ငါမပြောချင်ဘူး၊ ငါပြချင်တာ”
📌 Club အသင်းအတွင်း ရော်နယ်ဒိုရဲ့ အောင်မြင်မှုများ
Manchester United (2003–2009, 2021–2022)
Total Matches – 346 | Total Goals – 145
PREMIER LEAGUE x 3
2006-2007
2007-2008
2008-2009
FA Cup
2003-2004
Football League Cup (Carabao Cup) X 2
2005-2006
2008-2009
FA Community Shield X 2
2007
2008
UEFA Champions League
2007-2008
FIFA Club World Cup
2008
Real Madrid (2009–2018)
Total Matches – 438| Total Goals – 450
La Liga X 2
2011-2012
2016-2017
cOPA DEL REY X 2
2010-2011
2013-2014
Supercopa de España X 2
2012
2017
UEFA Champions League x 4
2013-2014
2015-2016
2016-2017
2017-2018
UEFA Super Cup X 3
2014
2016
2017
fIFA CLUB WORLD CUP X 3
2014
2016
2017
JUVENTUS (2018-2021)
Total Matches – 134| Total Goals – 101
Serie A x 2
2018-2020
2019-2020
Coppa Italia
2020-2021
Supercoppa Italiana x 2
2018
2020
Al Nassr (2023–Present)
Total Matches – 60+| Total Goals – 50+
Arab Club Champions Cup
2023
📌 နိုင်ငံအသင်းအောင်မြင်မှုများ
PORTUGAL (2002-Present)
Total Matches – 205+| Total Goals – 128+
UEFA European Championship
2016
UEFA Nations League
2019
Ballon d’or
2008/2013/2014/2016/2017
European golden shoe
2007-2008/2010-2011
2013-2014/2014-2015
FIFA Best Men’s Player
2016/2017
UEFA Best Player in Europe
2014/2016/2017
Champions League Top Scorer
7 times
Most Goals in UEFA Champions League History
140 + Goals
Most International Goals in History
128+goals
Most Caps in Men’s International Football
205+appearances
Puskás Award

Leave a Reply