အာဂျင်တီးနား ရဲ့ စက်တင်ဘာ ကမ္ဘာ့ဖား ခြေစစ်ပွဲ လူစာရင်းမှာ မက်ဆီ ပါဝင်လာ

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသလို ၊ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည်ရရှိဖို့ ရုန်းကန်နေရပေမယ့် စက်တင်ဘာလမှာ ကျင်းပသွားမယ့် တောင်အမေရိကန်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့ အာဂျင်တီးနား လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် စက်တင်ဘာလ ဗင်နီဇွဲလား ၊ အီကွေဒေါတို့နဲ့ ယှဉ်ပြိုင်သွားရမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွက် ကစားသမား (၃၁)ဦး ရွေးချယ်ခဲ့ပြီး အဆိုပါလူစာရင်းထဲမှာ မက်ဆီကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်တာကြောင့် ယခုတစ်ခေါက်လူစာရင်းထဲမှာ လူငယ်ကြယ်ပွင့် ကစားသမား တွေဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူး ကလော်ဒီယိုအီချီဗာရီ၊ ပေါ်တိုကွင်းလယ်လူ အလန်ဗာရီလာနဲ့ ရီးရဲလ်တိုက်စစ် ကစားသမား ဖရန်ကိုမာစတန်တူအိုနို တို့ကိုလည်း ရွေးချယ်ခေါ်ယူထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နည်းပြ လီယွန်နယ်စကာလိုနီဟာ ဘရာဇီးကလပ် ပါမီးရက်စ်တိုက်စစ်မှူး ဂျို့စ်မန်နူရယ်လို့ပက်ဇ်ကိုလည်း ပထမဆုံး အကြိမ် အာဂျင်တီးနားအသင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ အာဂျင်တီးနားဟာ ဗင်နီဇွဲလားကို စက်တင်ဘာလ (၄)ရက်နေ့ မိုနူမန်တယ် အားကစားကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး (၅)ရက်အကြာမှာ အီကွေဒေါနဲ့ ဆက်လက် ကစားသွားရမှာဖြစ်ပါတယ်။ 

လက်ရှိတောင်အမေရိကန်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုကို အာဂျင်တီးနားက ထိပ်ဆုံး (၁၀)မှတ်ဖြတ် ဦးဆောင်ထားပြီး ဒုတိယနေရာမှာ အီကွေဒေါနဲ့ တတိယနေရာမှာ ဘရာဇီးတို့ အသီးသီး ရပ်တည်နေကြပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *