လီယွန်နယ်မက်ဆီ ဆိုတာ ဘယ်သူလဲ ?
မာရာဒိုနာတို့ ပီလီတို့ အလွန် ဘောလုံးလောကရဲ့ ခေတ် ၁ ခုမှာ အထူးချွန်ဆုံးလို့ လူအများပြားသတ်မှတ်ထားတဲ့ ကစားသမားဆိုရင် အများကြီးမရှိပါဘူး ။ ဆုဖလားတွေ နဲ့ တိုင်းတာမလား ၊ ကစားပုံ အရည်အချင်းတွေ လုပ်ပြနိုင်မှုတွေနဲ့ တိုင်းတာမယ်ဆိုလဲ အမြဲကပ်ပါလာတဲ့ ဘောလုံးပါရမီရှင်ဆိုရင်တော့ ဟုတ်ပါတယ် ကမ္ဘာဖလားဆုရှင် အာဂျင်တီးနားသားတို့ရဲ့ ခေါင်းဆောင် ၊ ဘာစီလိုနာရဲ့ ဂန္တဝင် ၊ လက်ရှိ အမေရိကန် ကလပ် အင်တာမိုင်ယာမီ အသင်းရဲ့ ခေါင်းဆောင် လီယွန်နယ် မက်ဆီ ပဲဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ လီယွန်နယ်မက်ဆီ အကြောင်းကို ငယ်ဘဝကနေ လက်ရှိအချိန်ထိ ဘယ်လိုတွေ ဖြတ်သန်းခဲ့ရလဲ ဆိုတာကို ဖတ်ရှုရမှာပဲဖြစ်ပါတယ်ဗျ။
မက်ဆီ ငယ်ဘဝ
၁၉၈၇ ခု ဂျွန်လ ၂၄ ရက်နေ့မှာ ရိုဆာရီယိုလို့ ခေါ်တဲ့ အာဂျင်တီးနားနိုင်ငံ ရဲ့ မြို့လေးမှာ ဖခင် သံမဏိစက်ရုံ အလုပ်သမား ဂျော့မက်ဆီ နဲ့ မိခင် အချိန်ပိုင်းသန့်ရှင်းရေး သမား စီလီယာ ကပ်စီတီနီ တို့ရဲ့ အငယ်ဆုံး သားလေး အဖြစ် လီယွန်နယ် အန်ဒရက်စ် မက်စီကို မွေးဖွားခဲ့ပါတယ်။ အကို နှစ်ဦး နဲ့ ညီမ တစ်ဦး ရဲ့ အောက်မှာ အထွေးဆုံးအနေနဲ့ မွေးဖွားလာတဲ့ မက်ဆီဟာ ငယ်ရွယ်စဥ်ကတည်းက ဘောလုံးအားကစားကို ဝါသနာပါခဲ့သူဖြစ်ပြီး အကိုတွေ ဝမ်းကွဲတွေနဲ့ ဘောလုံးကစားရတာကို နှစ်သက်သူကလေးတယောက် ဖြစ်ခဲ့ပါတယ် ။ အသက် ၄ နှစ်ရောက်တဲ့အချိန်မှာတော့ ဖခင် နည်းပြအဖြစ် လမ်းညွှန်ပေးခဲ့တဲ့ ရိုဆာရီယိုမြို့ အခြေစိုက် လူငယ် ဘောလုံး အသင်းဖြစ်တဲ့ ဂရန်ဒိုလီ အသင်းမှာ ပထမဆုံး စတင်ကစားခဲ့ပါတယ်။
မက်ဆီရဲ့ ငယ်ဘ၀ ပုံရိပ်များကို ဒီဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။
ဒါပေမဲ့ နဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာတခုဟာ မက်ဆီဘဝထဲကို ဝင်လာခဲ့ချိန် အသက် ၁၀ နှစ်အရွယ်လောက်မှာ ကြီးထွားမှုဟော်မုန်းချို့တဲ့သည့် (GHD) ရောဂါကို ရင်ဆိုင်ခဲ့ရပြီး ဒီလိုရောဂါကို ကုသဖို့အတွက်ဆိုရင် ငွေကြေးကုန်ကျမှု များတဲ့အတွက် ချို့တဲ့ တဲ့ မိသားစုအနေနဲ့ မက်ဆီကို ကာလရှည်ကြာအောင် ဆေးကုသနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အခြေနေပါ၊ ဒီလိုအခြေအနေမျိုးကြုံတွေ့နေရပေမဲ့ အသက် ၁၃ နှစ်အရွယ်ရောက်လာချိန်မှာတော့ ဘောလုံးဖက်ပြီး မွေးလာတဲ့ မက်ဆီအတွက်တော့ သူရဲ့ စွမ်းဆောင်ရည်ကို ဂန္တဝင်အသင်းကြီး တခုဖြစ်တဲ့ ဘာစီလိုနာက သတိထားမိသွားပြီး ကြီးမားတဲ့ ကမ်းလှမ်းမှုတခု စတင်ရရှိခဲ့ပါတော့တယ် ။ ဘာကာအသင်းဘက်က သူခံစားနေရတဲ့ ရောဂါအတွက် ဆေးကုသစရိတ်အကုန်ကျခံပေးမည်ဖြစ်တဲ့အပြင် မက်ဆီ့ရဲ့ မိသားစုကိုလည်း စပိန်သို့ ပြောင်းရွှေ့နေထိုင်စေကာ သူရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းသစ် စတင်ခွင့်ရခဲ့ပါတယ်။
မက်ဆီ နဲ့ ဘာစီလိုနာ
ဘာစီလိုနာရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမေးရှာ မှာ ပြိုင်မြင်းတကောင်ရဲ့ တာထွက်ခွင့်စတင်ချိန်မှာတော့ ခပ်အေးအေး နဲ့ ရှက်တတ်တဲ့ မက်ဆီအတွက် နိုင်ငံအသစ် ၊ ဘာသာစကားအသစ် ၊လူနေမှုပုံစံအသစ်တွေ နဲ့ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ကွင်းတွင်း စွမ်းရည်တွေ နဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီတွေကြောင့် နည်းပြများ နဲ့ အသင်းဖော်များက အံ့အားသင့်စေခဲ့ပြီး စတင်သတိထားမိလာပါတော့တယ်။တဖက်မှာလဲ အသင်းရဲ့ ထောက်ပံ့ပေးမှုကြောင့် ခန္ဓာကိုယ် ပုံမှန်အတိုင်း ကြီးထွားလာခဲ့ပြီး ကွင်းထဲမှာ ကစားတဲ့ သူ့ရဲ့ အမြန်နှုန်း ၊ ဘောလုံးကိုင်ပြီး ဖြတ်သန်းနိုင်မှု နဲ့ ဂိုးသွင်းနိုင်စွမ်းတို့ကြောင့် လူငယ်အဆင့်ကနေ ခပ်မြန်မြန်ပဲ လူကြီးအသင်းရဲ့ ချစ်ကြည်ရေးပွဲစဥ်တစ်ခုမှာ ၁၆ နှစ် အရွယ် မက်စီဟာ စမ်းသပ်ကစားခွင့်ရခဲ့ပါတော့တယ်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ အသက် ၁၇ နှစ်အရွယ် မက်ဆီရဲ့ ပထမဆုံး အသင်းကြီးနဲ့ တရားဝင် ပွဲထွက်ခွင့်လို့ဆိုရမဲ့ အက်စပန်ညို နဲ့ ဒါဘီပွဲစဥ် မှာ ရောဗတ်တိုဘာလ် ရဲ့ နေရာမှာ လူစားဝင်ကစားသမားအဖြစ် ပွဲချိန် ၈၂ မိနစ်အရောက်မှာ ဝင်ကစားခွင့်ရခဲ့ပါတယ်။
အသင်းကြီးမှာ ပွဲထွက်ခွင့်ရခဲ့ပြီးသိပ်မကြာခင် အယ်ဘာစီတီ အသင်းနဲ့ ပွဲစဥ်မှာ ဘောလုံး မှော်ဆရာကြီး ရော်နယ်ဒင်ဟိုရဲ့ ပေးပို့မှုကနေတဆင့် သပ်သပ်ရပ်ရပ်လေးပဲ အဆုံးသတ်ပြီး ဘာကာအသင်းအတွက် ပထမဆုံး ဂိုးသွင်းခွင့်ရခဲ့ပါတယ်။အသင်းကြီး ကစားသမား ဘဝအစမှာတင် ကမ္ဘာအကောင်းဆုံး ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒင်ဟို ၊ အီတူး ၊ အွန်နရီ ၊ အင်နီယေစတာ ၊ ဇာဗီ ၊ ဒေကိုး တို့လို့ ထိပ်တန်းကစားသမားတွေနဲ့ ကစားခွင့်ရခဲ့တာဟာ ဘုရားပေးတဲ့လက်ဆောင် တခုလို့ပဲပြောရပါမယ်။
၂၀၀၇ လောက်မှာတော့ ဘာစီလိုနာအသင်းရဲ့ (၄-၃-၃) ကစားကွက် ထဲမှာ မရှိမဖြစ် အဓိက ကစားသမားအနေ နဲ့ ဒင်ဟို ၊ အီတူး တို့လို စီနီယာကစားသမားတွေနဲ့အတူ တိုက်စစ်ကို ဦးဆောင်ခွင့်ရနေပါပြီ ။ တက်လူတယောက် အနေနဲ့ရော ပါရမီရှင် တယောက်အနေနဲ့ပါ ထူးချွန်တဲ့ မက်ဆီဟာ ၂၀၀၈-၂၀၀၉ ရာသီမှာတော့ La Liga အမှတ်ပေးဖလား ၊ Copa del Rey နဲ့ ချန်ပီယံလိဂ် ဖလား စတဲ့ ဖလား ၃ လုံး ကို ဂွာဒီယိုလာရဲ့ နည်းပြမှုနဲ့ ပထမဆုံးအကြိမ် ယူပြနိုင်ခဲ့ပြီး စပိန်သမိုင်းတလျှောက်မှာ တရာသီအတွင်း ပထမဆုံး ဖလား ၃ လုံး ယူနိုင်ခဲ့အသင်း အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
၂၀၁၁-၂၀၁၂ ရာသီရောက်တဲ့အချိန်မှာ ကလပ် အသင်း နိုင်ငံ နှစ်သင်းပေါင်း ၇၃ ဂိုးထိ စံချိန်တင်သွင်းယူပြခဲ့ပြီး ၂၀၁၂ ရဲ့ တနှစ်စာ ပြက္ခဒိန်အတွင်းမှာလဲ ၉၁ ဂိုး ထိသွင်းပြနိုင်ခဲ့တဲ့ထိ လိုက်မမှီနိုင်တဲ့ စံချိန်တခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၄-၂၀၁၅ ရာသီ ဂွာဒီယိုလာမရှိတဲ့ ဘာစီလိုနာကို အားလုံးလျော့တွက်ထားကြချိန်မှာ နောက်တကြိမ်အကောင်းဆုံး သုံးယောက် တိုက်စစ်အတွဲ အဖြစ် နေမာ ၊ ဆွာရက်စ် တို့နဲ့ အတူ တဖန်တောက်ပခဲ့ပြီး ဖလား ၃ လုံး အရယူနိုင်ခဲ့ပြန်ပါတယ်။ အဲ့နှစ်ပိုင်းတွေဟာ မက်ဆီရဲ့ ကစားသမားဘဝတလျှောက် အကောင်းဆုံးသော အချိန်တွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
သွင်းဂိုး တွေ အလိမ်အခေါက်တွေ မျိုးစုံကြိုးခုံသော အကောင်းဆုံးအခိုက်အတန့်တွေရဲ့ အလွန် အခြားတဖက်မှာတော့ ဝမ်းနည်းစရာဇာတ်သိမ်းအဖြစ် အကောင်းဆုံးသော တွဲလုံးတွေ ၊ အကောင်းဆုံးသော အသင်းဖော် ကစားသမားတွေနဲ့ တွဲဖက်တိုက် ပွဲဝင်မှုတွေအဆုံးသတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ။ ၂၀၁၉ ကိုဗစ်ကာလရဲ့ ရိုက်ခတ်မှုတွေကြောင့် ဘဏ္ဍာရေးအင်အား တော်တော် ဆိုးရွားစွာ ဆုတ်ယုတ်လာတဲ့ ဘာစီလိုနာ အသင်းဟာ အကြွေးတွေတအားပိလာတဲ့အပြင် FFP(Financial Fair Play)စည်းမျဥ်းကြောင့် ပုံရိပ် မြင့် ၊ လစာမြင့် ၊ အသင်းရဲ့ ဂန္တဝင်ကစားသမားလဲ ဖြစ်တဲ့ မက်ဆီကို အသင်းမှာ ဆက်ထားဖို့ မဖြစ်နိုင်တော့တဲ့အခြေနေကြောင့် မျက်ရည်တွေ နဲ့ ကတ္တီပါ လမ်းခွဲဖို့ ဖြစ်လာပါတော့တယ်။
မက်ဆီ နဲ့ ပီအက်စ်ဂျီ
ကောင်းပါပေ့ဆိုတဲ့ ကစားသမား တွေကို ရေနံလောင်းပြီး ခေါ်လေ့ ရှိတဲ့ ပီအက်စ်ဂျီဟာ လစာ မြင့်မြင့်ပေးနိုင်ရုံ နဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်သွားပြီးဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမဲ့ အခွင့်ရေး တခုကို ၂၀၂၁ ခုနှစ်မှာ ရခဲ့ပါတယ်။ တပတ်လုပ်ခ ယူရို ၁ သန်း နဲ့ ခန့်မှန်းခြေ ၁ နှစ်ကို သန်း ၅၀ နဲ့ အထက်ရရှိမဲ့ အပြင် လက်မှတ်ရေးထိုးမှုအတွက် အသင်းဘက်က ယူရို ၂၅ သန်း နဲ့ သန်း ၃၀ ကြား ပေးချေခဲ့ပြီး အသင်းဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ ဂျာစီ ရောင်းရမှု ၊ စပွန်ဆာ ၊ လူမှုကွန်ရက် ပျံ့နှံ့မှု နဲ့ ပီအက်စ်ဂျီ အသင်းကို အကျိုးပြုနိုင်မှုကလဲ အံ့မခန်းဖြစ်ခဲ့သလို ၂၄ နာရီအတွင်း ယူရို သန်း ၁၀ဝ ထိ ဂျာစီရောင်းရမှုကနေအကျိုးမြတ်တွေ များစွာရရှိခဲ့ပါတယ်။
ဇာတာအရတော့ ရေကန်အသင့် ကြာအသင့်လိုအသင်းမှာ တဖန်ပြန်ကစားခွင့်ရခဲ့တဲ့ မက်ဆီဟာ အသင်းဖော်ဟောင်းလဲ ဖြစ် ထိပ်တန်းကစားသမားလဲဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာ အပြင် တက်သစ်စထဲမှာ အကောင်းဆုံးလူငယ်အဖြစ်ရော ပီအက်စ်ဂျီအသင်းရဲ့ အားထားရတဲ့ ကစားသမားအဖြစ်ပါ အားလုံးသိထားကြတဲ့ အမ်ဘာပေ နဲ့ပါတွဲပြီး ကြောက်စရာကောင်းတဲ့ (MNM)တိုက်စစ်လူစာရင်းမှာ တယောက် အပါဝင်ဖြစ်လာခဲ့ပြန်ပါတယ်။ အင်အားအလွန်ကောင်းတဲ့ အသင်းအနေနဲ့ ရပ်တည်နေပေမဲ့ မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝက အဆင်မပြေမှုတွေ ပိုများခဲ့တယ်ဆို ငြင်းလို့မရပါဘူး။
အသင်းမှာရှိပြီးသား အမ်ဘာပေ ရဲ့ လူငယ်ပီပီ ဂန္တဝင်ကစားသမား တယောက်ကို ခြေရာတိုင်းချင်တဲ့ ကိစ္စတွေ အသင်းနဲ့ အသားကြအောင် လုပ်ရတဲ့အခြေအနေတွေ နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပရို ကစားသမားတယောက် ပီသတဲ့ မက်ဆီဟာ ရောက်ရောက်ချင်း ရာသီမှာပဲ ပြင်သစ် လီဂူး ဖလားကို ကိုင်မြှောက်နိုင်ပါတယ်။၂၀၂၂ နှစ်ကမ္ဘာ့ဖလား အပြီးမှာတော့ နိုင်ငံအသင်း နဲ့ ဖလားယူ အောင်ပွဲခံနိုင်ခဲ့တဲ့ မက်ဆီအတွက် နွေးထွေးတဲ့ ကြိုဆိုမှုတွေ မရှိတဲ့အပြင် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်မှာ ပြိုင်ဘက်အဖြစ် ကစားခဲ့ရတဲ့ အမ်ဘာပေ နဲ့ ဆက်ဆံရေးတွေက ပိုမိုအေးစက်လာပါတော့တယ်။ ဒါပေမဲ့ နောက်ထပ် ၂၀၂၂-၂၀၂၃ လီဂူးဖလားထပ်မံ ယူနိုင်ခဲ့အပြီး ပြင်သစ် ပရိတ်သတ်တွေရဲ့ ဝေဖန်မှု ပေါင်းများစွာဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားမရတာအပါအဝင် တခြားသော ထိုးနှက်ချက်တွေကြောင့် စိတ်အားထက်သန်မှု လျော့ကျလာတဲ့ မက်ဆီက နောက်တကြိမ် အသင်းပြောင်းရွှေ့ဖို့ ဖြစ်လာပြန်ပါတော့တယ်။
မက်ဆီ နဲ့ အင်တာမိုင်ယာမီ
အကြီးမြတ်ဆုံး ၊ အပြည့်စုံ ဆုံးသော ကစားသမားတယောက် အဖြစ် ကမ္ဘာ့ဖလား နဲ့ Ballon d’Or (၈) ကြိမ် သိမ်းပိုက်ပြီးချိန်မှာတော့ အသက် (၃၆) နှစ်အရွယ် မက်ဆီ အတွက် တခြား အထူးတလည် သက်သေပြစရာ ကိစ္စတွေ ဘောလုံးလောကထဲသူ့အတွက် ကုန်သလောက်ဖြစ်သွားခဲ့ပါပြီ။ သူ့ရဲ့ နောက်ဆုံး အနားယူတော့မဲ့အချိန် သက်သောင့်သက်သာ ရှိစေမဲ့ အသင်းတခုကို ရွေးချယ်ဖို့အတွက် ဒေးဗစ်ဘက်ခန်း ပိုင်ဆိုင် တဲ့ အမေရိကန်အခြေစိုက် အင်တာမိုင်ယာမီ အသင်းကို အလွတ်ပြောင်းရွေ့ကြေး နဲ့ ပြောင်းရွေ့ဖို့ သဘောတူလိုက်ပါတော့တယ်။
အပတ်စဥ်လုပ်အားခ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် (အာမခံနှစ်စဥ် လျော်ကြေး ဒေါ်လာ သန်း၂၀အပေါ်အခြေခံထား) ရရှိပြီး ရောက်လာတာနဲ့ အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ကြောင်း သက်သေပြခဲ့သလို မက်ဆီ ရောက်ပြီးနောက် အင်တာမိုင်ယာမီအသင်းဟာ လူကြိုက်တော်တော်များများလာခဲ့ပါတယ်။ တကယ်တန်း ကြိုးစားရုန်းကန်ဖို့ဆိုတာထက် ဘောလုံးလဲ အေးဆေးကစားလို့ ရမဲ့အပြင် အနားယူဖို့ပါ ဆုံးဖြတ်ထားတဲ့ မက်ဆီဟာ အင်တာမိုင်ယာမီ နဲ့ အထူးတလည်ကြိုးပန်းကစားတာမျိုး အရမ်းကြီးမတွေ့ခဲ့ရပါဘူး။ ကစားဖော်ဟောင်း ဆွာရက်စ် နဲ့ ကစားနေပြီး အေးဆေးစွာ နဲ့ အမေရိကန်မှာ ဘဝကြီးကို ဖြတ်သန်းနေပါတယ် ။
မက်ဆီ နဲ့ အာဂျင်တီးနား
အသက် ၁၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ နိုင်ငံအသင်းမှာ စတင်ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရခဲ့ပေမဲ့ အောင်မြင်မှု ကြီးကြီးမားမားတော့ မရခဲ့ပါဘူး။ ၂၀၀၈ ခုနှစ်ရောက်ချိန်မှာတော့ ဘေဂျင်းအိုလံပစ်မှာ နိုင်ငံအသင်းအတွက် U23 အသင်းနဲ့ ရွှေတံဆိပ်ဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အထင်ကရကစားသမားတယောက်ဖြစ်လာတာနဲ့ အမျှအသင်းကို အကြိမ်ကြိမ် ထမ်းတင်ပေးမှုတွေကို မြင်တွေ့ခဲ့ရပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဖိုင်နယ်ထိ တက်ခဲ့ပေမဲ့ ဂျာမနီအသင်းကို ရှုံးနိမ့်ပြီး အဓိကနေရာနဲ့သာ ကျေနပ်ခဲ့ရကာ အကောင်းဆုံးကစားသမားဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ကိုပါအမေရိက ဖလားမှာ ၂၀၁၅-၂၀၁၆ နှစ် ကြိမ်တိုင် ဗိုလ်လုပွဲတက်ခဲ့ရပေမဲ့လဲ ချီလီကို နှစ်ကြိမ်တိုင် ရှုံးနိမ့်ပြီး နှစ်ကြိမ်လုံး ဒုတိယအနေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ နိုင်ငံအသင်းအောင်မြင်မှုတွေကို စတင် အရယူနိုင်ခဲ့တဲ့ ခုနှစ်ကတော့ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချီလီကို အနိုင်ပြန်ယူနိုင်ပြီး ရှုံးကြွေးဆပ်ကာ ချန်ပီယံဖြစ်ခဲ့ပါတော့တယ် ။ မက်ဆီ နဲ့ ပတ်သတ်တဲ့ ယှဥ်ပြိုင်မှုတွေ အငြင်းအခုံတွေကို ရပ်တန့်သွားစေမဲ့ အခြေနေတခုကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြီးဆုံးချိန်မှာ အားလုံးအသံတွေ တိတ်သွားစေခဲ့ပါတယ်။ ဟုတ်ပါတယ် ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပြင်သစ်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အချိန်ပိုအပါဝင် မိနစ် ၁၂၀ အတွင်း ၃-၃ ရလဒ်နဲ့သာ သရေကျခဲ့ပေမဲ့ ပယ်နယ်တီ အဆုံးဖြတ်မှာ အနိုင်ရခဲ့ပြီး အနှစ်နှစ် အလလ က မျှော်လင့်ခဲ့ရတဲ့ မက်ဆီရဲ့ အိပ်မက် အာဂျင်တိုင်းသားတို့ရဲ့ တကျော့ပြန် ကမ္ဘာ့ဖလားအိပ်မက် တို့ဟာ အထမြောက်သွားခဲ့ပါတယ်။
မက်ဆီ ကတော့ မက်ဆီပါပဲ
မာရာဒိုနာက ဘောလုံးရဲ့ စိတ်ဝိဉာဉ်၊ မက်ဆီက ဘောလုံးရဲ့ ပညာ လို့ ဆိုရမလားပဲ မွေးလာစဥ်ကထဲက ပါရမီနဲ့ ထူးချွန်မှု တို့ပေါင်းစပ်ထားတဲ့ လူသားတယောက် ဟာ ဘောလုံးလောကဇာတ်ခုံမှာ များစွာသော မှတ်တိုင်တွေ စိုက်ထူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ တကိုယ်တော် ဆု တံဆိပ် ၊ ကလပ်အသင်းဆုတံဆိပ်တွေ အပြင် နိုင်ငံအသင်းနဲ့ အောင်မြင်မှု ရအပြီးမှာတော့ မက်ဆီဟာ ဘောလုံး သမိုင်းမှာ ပြီးပြည့်စုံတဲ့ လူသားတယောက် အဖြစ် ရပ်တည်နိုင်သွားပြီဆိုတာကို အားလုံး လက်ခံခဲ့ကြရပါပြီ။
“အိပ်မက်တွေဆီရောက်အောင် ရုန်းကန်ရမယ်”
“ငွေက တွန်းအားပေးတဲ့ အကြောင်းရင်းတစ်ခုတော့ မဟုတ်ပါဘူး… ကျွန်တော့်ရဲ့ လှုံ့ဆော်မှုက ကျွန်တော် နှစ်သက်တဲ့ ဂိမ်းတခု ကစားခြင်းကနေ လာတာပါ။”
📌 Club အသင်းအတွင်း မက်ဆီ ရဲ့ အောင်မြင်မှုများ
FC Barcelona (2004–2021) – 35 Trophies
La Liga X 10
2004 – 2005
2005 – 2006
2008 – 2009
2009 – 2010
2010 – 2011
2012 – 2013
2014 – 2015
2015 – 2016
2017 – 2018
2018 – 2019
Champions League x 4
2005 – 2006
2008 – 2009
2010 – 2011
2014 – 2015
Copa del Rey X 7
2008 – 2009
2011 – 2012
2014 – 2015
2015 – 2016
2016 – 2017
2017 – 2018
2020 – 2021
Supercopa de España X 8
2005
2006
2009
2010
2011
2013
2016
2018
FIFA Club World Cup X 3
2009
2011
2015
UEFA Super Cup X 3
2009
2011
2015
Paris Saint-Germain (2021–2023) – 3 Trophies
Ligue 1 x 2
2021 – 2022
2022 – 2023
Trophée des Champions X 3
2022
Inter Miami (2023–Present) – 2 Trophies
Leagues Cup
2023
MLS Eastern Conference
Not a major trophy, but notable
2022
Argentina National Team – 4 Major Trophies
FIFA World Cup
2022
Copa América
2021
Finalissima
2022
Olympic Gold Medal
2008
📌 တကိုယ်တော် ဆုတံဆိပ်များ
Ballon d’Or x 8
2009 | 2010 | 2011 | 2012
2015 | 2019 | 2021 | 2023
FIFA The Best Men’s Player X 3
2009 | 2022 | 2023
European Golden Shoe X 6
2009-2010 | 2011 – 2012 |
2012 – 2013 | 2016 – 2017|
2017 – 2018 | 2018 – 2019 |
FIFA World Cup Golden Ball X 2
2014
2022
Best Player in both World Cups
Copa América Best Player X 2
2015
2021
UEFA Men’s Player of the Year X 3
2010 – 2011 | 2014 – 2015 |
2022 – 2023
FIFA Club World Cup Golden Ball X 2
2009
2011
Laureus World Sportsman of the Year X 2
2020
2023
First Team Sport Athlete to Win
Record-Breaking Awards

Leave a Reply