အမ်ဘာပေ အကြောင်း တစေ့တစောင်း

ယနေ့မော်ဒန် ဘောလုံးခေတ်မှာ ထိပ်တန်းခြေစွမ်း အောင်မြင်မှုတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ယူနိုင်ခဲ့တဲ့သူ ၁ ယောက် အဖြစ်နဲ့ရော နောင်တော် ဆိတ်ကြီး နှစ်ပါးဖြစ်တဲ့ ရော်နယ်ဒို နဲ့ မက်ဆီ တို့ရဲ့ စံချိန်တွေ ခြေစွမ်းတွေ လုပ်ပြနိုင်မှုတွေကို အမှီလိုက်နိုင်မယ်လို့ ထင်ကြေးကြတဲ့သူတွေထဲက ၁ ယောက် အဖြစ်ပါရပ်တည်နေတဲ့ သူဘယ်သူဖြစ်နိုင်မလဲ။ အဲ့ဒီသူကတော့ ယခု အိမ်မက်ကဇာတ်ရုံကြီးမှာ အသုံးတော်ခံနေတဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ပြင်သစ် ကစားသမား ၁ ယောက်လဲ ဖြစ်တဲ့အပြင် ရော်နယ်ဒို ကို စံပြပုဂ္ဂိုလ်ထား အားကျခဲ့ရသလို မက်ဆီ ၊ နေမာ တို့နဲ့ လဲ အသင်းဖော်အဖြစ် ကစားဖူးတဲ့ လိပ်နင်ဂျာလေး အမ်ဘာပေ ပဲဖြစ်ပါတယ်။

အမ်ဘာပေ ရဲ့ ငယ်ဘဝအစ

၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြင်သစ်နိုင်ရဲ့ ပါရီမြို့ ဘွန်ဒီ မှာ မွေးဖွားလာတဲ့ အမ်ဘာပေဟာ ဖခင် ကမ္ဘောဒီးယားနွယ်ဖွား ဘောလုံးသမားဟောင်း ဘောလုံးနည်းပြ ဝယ်ဖရိုက် အမ်ဘာပေ နဲ့ မိခင် အယ်လ်ဂျီးရီးယန်း နွယ်ဖွား ရှေ့နေနဲ့ ဟန်းဘောလီ ကစားသမားဟောင်း ဖေဇာလာမာရီ တို့မိသားစုမှာ မွေးဖွားခဲ့တာဖြစ်တဲ့အတွက် အားကစားနဲ့ပတ်သတ်ပြီး မစိမ်းခဲ့ရလို့ ကံကောင်းခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ အကို ၁ ယောက် ၊ ညီ ၁ ယောက် ၊ ညီမ ၁ ယောက်ရှိတဲ့ ဒုတိယမြောက်သား အမ်ဘာပေ ဟာ အသက် ၄ နှစ်အရွယ်ထဲက ဘောလုံးနဲ့ စတင်ထိတွေ့ခဲ့ပြီး ၆ နှစ်အရွယ်မှာတော့ ဖခင် နည်းပြချက်နဲ့ ရပ်ကွက်ဘောလုံးကလပ် AS Bondy အသင်းမှာ စတင်လေ့ကျင့်ကစားခွင့်ရခဲ့ပါတယ်။ငယ်စဥ်ကတည်းက ဘောလုံးထိမ်းကျွမ်းကျင်ခြင်း ၊ အပြေးသန်ခြင်း နဲ့ ထူးခြားတဲ့ အရည်အချင်းတွေကြောင့် ထူးချွန်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဘောလုံးအားကစားကို တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့အပြင် ကျောင်းပညာရေးမှာလဲ ဥာဏ်ကောင်းသူ အဖြစ်သတ်မှတ်ခံရပေမဲ့ စည်းကမ်းလိုက်နာမှုအားနည်းလို့ ကျောင်းအုပ်ကြီးဆီကနေ တိုင်စာ ၉ ကြိမ်လောက် အိမ်ရောက်ခဲ့ပါသေးတယ်။ Conservatory Music School မှာလဲ ဂီတ ပညာကို ၆ နှစ်ကနေ ၁၁ နှစ်ထိ သင်ယူခဲ့သေးတဲ့ သူဟာ ပလူးတ် တူရိယာကို ကောင်းစွာတီးခတ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဘောလုံးကိုပဲ အဓိက အာရုံထားတဲ့ အမ်ဘာပေ ဟာ ကျန်တဲ့ဟာတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ စိတ်မဝင်စားခဲ့ပါဘူး။ အသက် ၁၁ နှစ်အရွယ်လောက်မှာ ချဲလ်ဆီး အသင်းရဲ့ အခုချိန်မှာ နောင်တရစေမဲ့ အဖြစ်အပျက် ၁ ခု ဖြစ်ပျက်ခဲ့ပါသေးတယ်။ ထိုချိန်က ချဲလ်ဆီးအသင်းရဲ့ လူငယ်လူရွေးပွဲမှာ သွားရောက်ပြီး အရွေးခံခဲ့ပေမဲ့ အသင်းတာဝန်ရှိသူတွေက မနှစ်သက်တဲ့အတွက် နောက် ၁ ကြိမ် ပြန်လာခဲ့ရန်သာပြောခဲ့ပါတယ်။ ဒီအဖြေကို ကြားလိုက်ရတဲ့ သူ့အမေဟာ နောက် ၁ ကြိမ်ဆိုရင် ယူရို သန်း ၅၀ လောက်နဲ့မှသာ သူ့သားကို ခေါ်လို့ရမယ်လို့ တုံ့ပြန်ခဲ့ပြီး ပြင်သစ်ကို ပြန်လာခဲ့ပါတယ်။

ငယ်စဥ်ဘဝထဲက ရော်နယ်ဒို ကို အားကျ တဲ့ အမ်ဘာပေ ဟာ ဘာနေဗျူးမှာ သောင်းကျန်းနေတဲ့ ဒိုလေး နဲ့ ဇီဒန်းပုံတွေကို အိပ်ခန်းနံရံမှာအပြည့်ကပ်ထားတဲ့အပြင် ဘောလုံးကိုပါ အိပ်ယာထဲထည့်အိပ်တဲ့အထိ ရူးရူးမူးမူး ဖြစ်နေတဲ့ ကောင်လေးရဲ့ အနာဂတ်ဟာ တချိန်ထွန်းတောက်လာမယ်လို့ မိသားစုဝင်တွေ နဲ့ သူ့အကြောင်းကောင်းကောင်းသိတဲ့ နည်းပြတွေက ထင်ကြေးပေးခဲ့ကြပါတယ်။ ရာဇဝတ်မှုတွေ ပြည့်နေတဲ့ ရပ်ကွက်အတွင်းမှာ ကြီးပြင်းခဲ့ရပေမဲ့ အားကစားကိုသာ အဓိက ပံ့ပိုးထောက်ပံ့တဲ့ မိဘ တွေရဲ့ ကျေးဇူးကြောင့် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်းရောက်လာပြီး ၂၀၁၃ ခုနှစ် အရွယ် အရောက်မှာတော့ ပိုတောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်ဖို့ လမ်းစကို စတင်လျှောက်လှမ်းခွင့်ရလာပါတော့တယ် ။

မိုနာကို နဲ့ အမ်ဘာပေ

အမ်ဘာပေအတွက် ပထမဆုံး တန်းဝင်တဲ့ ထိပ်တန်းကလပ် အဖြစ် ပြင်သစ် နိုင်ငံ အခြေစိုက် အသင်းကြီး ၁ သင်းဖြစ်တဲ့ မိုနာကို အသင်းကို Clairefontaine အကယ်ဒမီ ကနေ သူ့အသက် ၁၄ နှစ်အရွယ်မှာပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ မိုနာကို အကယ်ဒမီမှာ ခြေစွမ်းပြလာတဲ့ အမ်ဘာပေဟာ အဲ့အချိန်က သီရာရီ အွန်နရီ တင်ထားတဲ့ အသက်အငယ်ဆုံး အသင်းကြီး နဲ့ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ၂၀၁၅ ခုနှစ် အသက် ၁၆ နှစ်မှာပဲ ပွဲထွက်ခွင့်ကို စတင်ရလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Troyes နဲ့ ပွဲမှာ ပထမဆုံး လီဂူး လိဂ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး အွန်နရီရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ စံချိန်ကိုပါ ထပ်မံ ချိုးဖြတ်နိုင်ခဲ့ပါတယ်။

ပထမရာသီမှာတော့ ပွဲစဥ် အများကြီး မကစားခဲ့ရပေမဲ့ အမ်ဘာပေရဲ့ ဒုတိယမြောက် ရာသီမှာတော့ အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် ပါဝင်ခွင့်ရလာခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လောက်ထိ အသင်းကို နောက်တဆင့်သယ်ဆောင်ပေးနိုင်ခဲ့သလဲဆိုရင် ၁၇ နှစ်ကြာကွာဝေးနေတဲ့ လီဂူး ဖလားကို ၂၉ပွဲကစား ၁၅ ဂိုးသွင်း ၈ ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး ဘာနာတို ဆေးလ်ဗား ၊ ဘာကယိုကို ၊ ဖာဘင်ညို နဲ့ ဖလ်ကာအို တို့လို ထူးချွန်တဲ့ ကစားသမားတွေ နဲ့ အတူ ပီအက်စ်ဂျီကို ကျော်ဖြတ်ကာ ပြင်သစ်လီဂူးဖလားကို ယူပြနိုင်ခဲ့ပါတယ်။ အဲ့ရာသီမှာ မိုနာကိုတို့အတွက် လီဂူးဖလားမှာပဲ ဆိုအောင်မြင်ခဲ့တာလားဆို UCL ဘက်မှာလဲ နေရာ ၁ခုထိ ရောက်အောင်ပို့ပေးနိုင်ခဲ့ပါတယ် ။

UCL ပွဲတိုင်းနီးပါးမှာ ဂိုးသွင်းနိုင်ခဲ့သလို ၁၆ သင်းရှုံးထွက်အဆင့် မှာ မန်ချက်စတာစီးတီး ၊ ကွာတားဖိုင်နယ် အဆင့်မှာ ဒေါ့မွန်ကို ၃ ဂိုး သွင်းပြီး အသက်အငယ်ဆုံး UCL ဟက်ထရစ်သွင်းဂိုးရှင် စံချိန်ပါ ရခဲ့ပါသေးတယ်။ အမြင့်ဆုံးအနေနဲ့ Semi-final အဆင့်ထိ အသင်းကို ဆွဲခေါ်ပေးနိုင်ခဲ့တဲ့ အမ်ဘာပေဟာ ဂျူဗင်တပ်စ် အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပေမဲ့ သူ့အရွယ် နဲ့ ၁ ရာသီလုံးပြိုင်ပွဲစုံ ၄၄ ပွဲကစား ၂၆ဂိုးသွင်း ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး ရော်နယ်ဒို ၊ မက်ဆီတို့နဲ့ နှိုင်းယှဥ်ခံလာခဲ့ရပါတယ်။ ဒီလိုခြေစွမ်းတွေပြ နေတဲ့ လူငယ်တယောက်ကို ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျတာခံလာရချိန်မှာတော့ အမ်ဘာပေဟာ လက်ရှိကလပ် မိုနာကိုကနေ နောက်ထပ်အောင်မြင်မှုတွေရယူနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ ထိပ်တန်းအသင်းတွေဆီ ပြောင်းရွှေ့ဖို့ရွေးချယ်ရမဲ့အချိန်ရောက်လာခဲ့ပါတယ်။

ပီအက်စ်ဂျီ နဲ့ အမ်ဘာပေ

၂၀၁၇-၂၀၁၈ ရာသီမှာ ဝုန်းဒိုင်းကြဲဖို့ အစီစဥ်တွေ ပလန်ချထားတဲ့ ပီအက်စ်ဂျီဟာ ရေနံလောင်းပြီး ငွေကြေးအင်အားတောင့်တင်းတာကြောင့် သူတို့အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ပုံမှန်ယူနေကြ ပြည်တွင်း ဖလားတွေထက် ဥရောပမှာ ဘာကောင်လဲပြဖို့ UCL ဖလားကိုအသဲအသန်လိုချင်တဲ့ အိမ်မက်ဟာ ပိုမိုကြီးမားလာခဲ့ပါတယ်။ စပိန်မှာ MSN နဲ့ရှယ်ကြမ်းနေတဲ့ နေမာကို ယခုအချိန်အထိ ကမ္ဘာ့အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့တန်ကြေးပေးပြီးခေါ်ယူခဲ့တဲ့အပြင် ပြင်သစ်လိဂ်မှာ မနှစ်ကသူတို့ကို နောက်ကောက်ချခဲ့တဲ့ မိုနာကို လူငယ်ကစားသမားလေး အမ်ဘာပေကိုပါ ဘယ်သူမှထင်မထားတဲ့ ဒုတိယမြောက်ကမ္ဘာ့အမြင့်ဆုံး ပြောင်းရွေ့ကြေး (လူငယ်ကစားသမားအတွက် ကမ္ဘာ့အမြင့်ဆုံးပြောင်းရွေ့ကြေး) ဖြစ်တဲ့ ယူရို သန်း ၁၈၀ နဲ့ အပိုဆုကြေးများပါပေးပြီး ခေါ်ယူခဲ့တဲ့အတွက် ဘောလုံးလောကမှာ အုပ်အော်သောင်းနင်းဖြစ်ခဲ့ရပါတယ်။ ကာဗာနီ ၊ နေမာ ၊ အမ်ဘာပေ ဦးဆောင်မဲ့ တိုက်စစ်ဟာ အင်အားတောက်တင်းလွန်းတာကြောင့် ပြိုင်ဘက်တိုင်း ရှိန်ရမဲ့အနေအထားကိုရောက်လာပါတော့တယ်။

အားလုံးထင်ထားတဲ့ အတိုင်း အမ်ဘာပေ ရဲ့ ပထမဆုံး ပီအက်စ်ဂျီ နဲ့ ရာသီမှာတင် ဥရောပချန်ပီယံလိဂ်ဖလားကလွဲလို့ ယူလို့ရတဲ့ဖလားအားလုံးကို ကိုယ်တိုင်ရော အသင်းဖော်တွေရဲ့ အားထုတ်မှုနဲ့အတူယူပြနိုင်ခဲ့ပါတယ်။ နေမာ ၊ ကာဗာနီ ရဲ့ အရိပ်အောက်မှာ ကစားခဲ့ရပေမယ့် သူရဲ့ လျင်မြန်မှု နဲ့ ဂိုးသွင်းစွမ်းရည်က အသင်းရဲ့ အဓိကကစားသမားအဖြစ် ထင်ရှားလာစေခဲ့ပြီး ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ တန်းကြေးမြင့်ကစားသမား ဖြစ်နေရလဲဆိုတာကို သက်သေပြခဲ့ပါတယ်။ အသင်း နဲ့ နှစ်စဥ် ပုံမှန် ဖလားတွေ ဆက်တိုက်ယူလာခဲ့တဲ့အပြင် တကိုယ်တော် ဆုတံဆိပ်တွေပါ ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ တန်းစီသိမ်းပိုက်လာချိန်မှာတော့ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲလာခြင်းကို လူငယ်တယောက် အနေနဲ့ စတင်ကြုံလာရပါတော့တယ်။

Cavani, Neymar, Mbappe

၄ နှစ်ကြာအောင်ထိ တန်ကြေးမြင့် ကစားသမား ၂ ယောက် အပြင် တခြား ထိပ်တန်းကစားသမားတွေ စုဖွဲ့မှုနဲ့ မောင်းနှင်လာခဲ့ပေမဲ့ သူတို့လိုချင်တဲ့ ချန်ပီယံလိဂ် ဆုဖလားကို မသိမ်းပိုက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီဟာ အသင်းဘဏ္ဍာရေးအခက်ခဲတွေကြောင့် ဘာစီလိုနာ နဲ့ လမ်းခွဲဖို့ဖြစ်လာတဲ့ လစာမြင့် ဂန္တဝင်ကစားသမား မက်စီကို အလွတ်ထပ်မံခေါ်ယူခဲ့ပြီး နေမာ၊ အမ်ဘာပေ တို့နဲ့ အတူ MMN တိုက်စစ်ကိုစတင်အကောင်အထည်ဖော်ခဲ့ပြီး ချန်ပီယံလိဂ်ယူနိုင်ဖို့ထပ်မံ ကြိုးစားခဲ့ပြန်ပါတယ်။ လူအင်အားကိုကြည့်တာနဲ့ တောင့်တင်းလွန်းတဲ့ အနေအထားကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီတို့ ဥရောပမှာ အမှန်တကယ်တောက်ပလာလိမ့်မယ်လို့ အားလုံးမျှော်လင့်ထားခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ဘရာဇီးရော်နယ်ဒိုတို့ အိုဝင်တို့ခေတ်က ရီးရဲလ်မက်ဒရစ် အသင်းအခြေအနေလို ကစားသမားကောင်းတွေရှိနေပေမဲ့ အသင်းလိုက်စုဖွဲ့မှုမှာ ဆရာများသားသေ ဘဝသို့သာ ရောက်သွားခဲ့တယ်လို့ဆိုရပါမယ် ။

ဘာစီမှာ နတ်ဘုရားလို ဆက်ဆံ ခံခဲ့ရတဲ့ မက်စီ အနေနဲ့ အမ်ဘာပေ လွှမ်းမိုးသြဇာညောင်းတဲ့ ပီအက်စ်ဂျီကို ရောက်လာချိန်မှာတော့ ခံပြင်းစရာအဆင်မပြေမှုတွေ ၊ လေးစားမှု မခံရတာတွေကြုံတွေ့လာရပါတော့တယ်။ မက်စီပဲဒီလို ခံရတာလားဆို နေမာလည်း အတူတူပဲလို့ဆိုရပါလိမ့်မယ်။ ဒီလို တင်းမာမှုတွေဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြီးတဲ့အချိန် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့တဲ့ ကလပ်အသင်းဖော် မက်ဆီနဲ့ အမ်ဘာပေကြားပိုမိုတင်းမာလာပြီး ကလပ်အသင်းအတွင်း ဆက်ဆံရေး အေးဆက်လာခဲ့ပါတယ်။ ပြည်တွင်းဖလားတွေကို ဘယ်လိုကန်ကန် အရယူနိုင်တဲ့ ခြေစွမ်းတွေရှိကြပေမဲ့ စည်းလုံးမှု မရှိ ပြိုကွဲနေတဲ့ တိုက်စစ်ဟာ ဥရောပ အောင်မြင်မှုကို ရယူနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပဲ အမြင့်ဆုံးအနေနဲ့ မက်စီ မရောက်ခင် ၂၀၁၉- ၂၀၂၀ ရာသီက ဗိုလ်လုပွဲမှာ ဘိုင်ယန်နဲ့ ယှဥ်ပြိုင်ပြီး ဒုတိယ ရခဲ့ခြင်းကိုသာလောက်လောက်လားလားပြစရာ ရှိခဲ့ပါတယ်။ ဒီလိုရလဒ်တွေကြောင့် အသင်းကစားသမား အားလုံးအပါအဝင် အမ်ဘာပေဟာလဲ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Naymer at PSG

ဘယ်လိုပင် ပြဿနာတွေ မျိုးစုံ ရှိနေခဲ့ပေမဲ့ အသင်းမှာ ဆက်လက်ရှိနေသေးတဲ့ အမ်ဘာပေ ဟာ အသင်းတာဝန်ရှိသူတွေ နဲ့သူ့အကြား ချော့တခါ ခြောက်တလှည့်ဖြတ်သန်းလာခဲ့ပြီး ၂၀၂၃-၂၀၂၄ မှာ ၁နှစ်သက်တမ်းရှိစာချုပ် ထပ်မံချုပ်ဆိုခဲ့တဲ့အပြင် ပုံရိပ်မြင့်ကစားသမားတွေ ထွက်ခွာသွားတာကြောင့် သူခြေသူ့လက် ဖြစ်လာပြီး အသင်းခေါင်းဆောင်ရာထူးပါ ခန့်အပ်ခံခဲ့ရပါတယ်။ အသင်းဘက်က ဘယ်လိုပဲ ဆွဲဆောင်နေပါစေ သူ့အတွက်တော့ ဒီရာသီပြီးရင် နောက်ရာသီမှာ သူ ပီအက်စ်ဂျီအသင်းအတွက် မယူပေးနိုင်ခဲ့ ဥရောပ ချန်ပီယံဖလားကို တခြားအသင်းနဲ့ ယူနိုင်ဖို့ အသင်းပြောင်းရွေ့မဲ့သတင်းတွေ ထွက်လာပါတော့တယ်။ ၇ နှစ်တာ ကာလအတွင်း အသင်းအတွက်များစွာသော သွင်းဂိုးတွေ ဆုဖလားတွေ ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၂၄ ရာသီအကုန် စာချုပ် သက်တမ်းကုန်ချိန်မှာတော့ ကျားကိုတောင်ပံတက်ပေးနိုင်မဲ့ အသင်းကို ပြောင်းရွေ့ဖို့ဖြစ်လာပါတော့တယ်။

ငယ်ဘဝ အိမ်မက်ဖြစ်တဲ့ ရီးရဲလ် နဲ့ အမ်ဘာပေ

၂၀၁၇ လောက်ထဲက ရီးရဲလ်တို့ ရဲ့ ပဲ့ကိုင်ရှင် ပီးယက်စ်ဟာ အမ်ဘာပေကို ခေါ်ယူချင်ခဲ့ပေမဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ဒီဆန္ဒကို အမှန်တကယ်ဖြစ်လာအောင် ၂၀၂၄ ဇူလိုင်လအရောက်မှာ ရီးရဲလ်အသင်းတာဝန်ရှိသူတွေ လုပ်‌ဆောင်နိုင်ခဲ့ပါတယ်။ အခွန်နှုတ်ပြီး လစာ ၁ နှစ် ယူရို ၁၅ သန်း နဲ့ ၅ နှစ်စာချုပ်ချုပ်ခဲ့တဲ့အပြင် ၊ လက်မှတ်ထိုးကြေးကိုလဲ ယူရို သန်း ၁၅၀ ၊ ပုံရိပ် အသုံးပြုရပိုင်ခွင့်အဖြစ် ၈၀ % ထိပေးပြီး အမ်ဘာပေကို အရခေါ်ယူခဲ့ပါတယ်။ငွေကြေးပိုင်းတင်မဟုတ်ပဲ ငယ်စဥ်ကတည်းက သူလေးစားအားကျခဲ့ရတဲ့ ရော်နယ်ဒို ၊ ဇီဒန်းတို့ရဲ့ အောင်မြေလဲဖြစ် အရင့်အရင် သူဆော့ခဲ့ရတဲ့ အသင်းတွေထက် ပိုကောင်းတဲ့ ပတ်ဝန်းကျင် နဲ့ အစဥ်အလာကြီးမားတဲ့ ဘာနေဗျူးကွင်းကို ရောက်ရှိခဲ့ရတဲ့အတွက် အဲ့အချိန်ဟာ သူ့အတွက် တကယ်ဝမ်းသာစရာတွေ နဲ့ ပြည့်နှက်နေမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။

Mbappe Realmadrid

အသင်းရဲ့ ဂန္တဝင်တ‌ယောက်ဖြစ်တဲ့ ဘင်ဇီမာ၊ R9 ရော်နယ်ဒိုကြီးတို့ရဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားခွင့်ရခဲ့ပြီး “ကျွန်တော့်အိမ်မက်ကလပ်ထဲရောက်လာရလို့ အရမ်းပျော်ပြီး ဂုဏ်ယူမိပါတယ်”လို့ အသင်းနဲ့ မိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ပထမဦးဆုံးပွဲထွက်ခွင့်ရတဲ့ ပွဲဟာလဲ UEFA Super Cup ဖိုင်နယ်ဖြစ်ခဲ့သလို အတ္တလန်တာ နဲ့ ကစားပြီး 2-0 နဲ့ အနိုင်ရကာ သွင်းဂိုး ၁ ဂိုးသွင်းပြီး အစကောင်းခဲ့ပါတယ်။ အသင်းဖော်တွေ ဖြစ်တဲ့ ဗင်နီးရှပ်စ် ဂျူနီယာ ၊ ဂျူဒ် ဘယ်လင်ဟမ် ၊ ရိုဒရီဂို စတဲ့ အသက်မတိမ်းမယိမ်း အသင်းဖော်တွေ အပြင် လူကာမိုဒရစ်လို ဝါရင့် ကစားတွေနဲ့ပါ ကစားခွင့်ရနေတဲ့ အမ်ဘာပေဟာ လက်ရှိမှာတော့ ပြိုင်ပွဲစုံ ဂိုး ၃၀ လောက် သွင်းထားပေးပြီးဖြစ်တာကြောင့် နောက်ထပ် ရာသီတွေမှာ ဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာ အားလုံးပဲ စောင့်ကြရမဲ့အနေအထားပါ။

ပြင်သစ်နိုင်ငံအသင်း အောင်မြင်မှုနဲ့ အမ်ဘာပေ

၂၀၁၇ ခုနှစ်မှာ ပြင်သစ်နိုင်ငံအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ရတဲ့ အမ်ဘာပေဟာ ၊ အသက် ၁၈ နှစ်မှာတင် အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အသင်းဖော်တွေကောင်းမှုကြောင့်တင်မဟုတ်ပဲ ကိုယ်တိုင်ကြိုးစားအားထုတ်ခြေစွမ်းပြမှုတွေနဲ့ ပြိုင်ပွဲ တလျှောက် ဗိုလ်လုပွဲအပါအဝင် ၄ ဂိုးသွင်း ယူပြီး ကစားသမားကြီးတွေတောင် သူတို့ သက်တမ်းတလျှောက် အရမ်းလိုချင်ခဲ့ပေမဲ့ ကံ ၊ ဥာဏ် ၊ ဝီရိယ ၃ ခုလုံး အားကောင်းပြီး ထိုက်မှ ရတဲ့ ကမ္ဘာဖလားကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုင်မြှောက်ခွင့်ရခဲ့တဲ့ အထိ နိုင်ငံကစားသမားဘဝမှာ အစကောင်းခဲ့ပါတယ်။ အဲ့ချိန်ကသူစွမ်းဆောင်ခဲ့တဲ့ စံချိန်တွေဟာ ပီလီ ပြီးရင် ဒုတိယမြောက် ဆယ်ကျော်သက် ဖြစ်ခဲ့တာမို့ နာမည်တရှိန်ထိုး ကြီးလာတာတွေ၊ ဂန္တဝင်တွေ နဲ့ နှိုင်းယှဥ်ခံရမှုတွေ အစပြုလာခဲ့ပါတော့တယ် ။

ဒါပေမဲ့ ၂၀၂၀ Euro ဖလားမှာ ပင်နယ်တီလွဲသွားလို့ ၁၆ အသင်းအဆင့်ကနေလှည့်ပြန်ခဲ့ပြီး ဝေဖန်မှုတွေ မြင့်တတ်လာခဲ့ပြန်ပါတယ်။ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရဖို့ဆိုတာ ကိုယ်စားပြုတဲ့ နိုင်ငံအသင်းက အားကောင်းဖို့လဲ လိုတယ်ဆိုပေမဲ့ များသောအားဖြင့် ကစားသမားတွေဟာ ကလပ်အသင်းမှာသာ ခြေစွမ်းပြ ကစားနိုင်လေ့ရှိပြီး နိုင်ငံ အသင်း နဲ့ ကြရင် ခြေပျောက်တတ်တာတွေ များပါတယ်။ ဒါပေမဲ့ အမ်ဘာပေဟာ ဝေဖန်မှုတွေကို အသံတိတ်စေဖို့ ၂၀၂၀-၂၀၂၁ နေရှင်နယ်လိဂ် ဖိုင်နယ်မှာ အင်အားတောင့်တင်း ရေပန်းစားပါတယ်ဆိုတဲ့ စပိန်အသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး အရေးကြီးတဲ့ ပွဲစဥ်တွေမှာ ဂိုးသွင်းနိုင်စွမ်းကိုပါထပ်မံပြသခဲ့ပြန်ပါသေးတယ်။

France Mbappe

နိုင်ငံအသင်းပြိုင်ပွဲတွေမှာ ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံး ဖြစ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ရောက်လာချိန်မှာတော့ ကမ္ဘာ့ဖလားကို ယူပြဖို့လိုနေတဲ့ ဂန္တဝင်တွေ ဖြစ်တဲ့ ရော်နယ်ဒို ၊ မက်ဆီ ၊ နေမာတို့ နဲ့ အတူ အပြိုင်ကြဲတဲ့အထဲ အမ်ဘာပေဟာလဲ ၁ ယောက် အပါဝင်ဖြစ်ခဲ့ပါတယ် ။ အုပ်စု ချောင်ခဲ့တယ်လို့ဆိုပေမဲ့ အဲ့အချိန်က ဗိုလ်ဆွဲဖို့ နံပါတ် ၁ နေရာမှာရှိနေတဲ့ အင်္ဂလန်အသင်း ကို ကွာတာဖိုင်နယ်မှာ နောက်ကောက်ချထားနိုင်ခဲ့ပြီး ရော်နယ်ဒို ကို မျက်ရည်ကျစေခဲ့တဲ့ ဇီယက်စ် ဦးဆောင်တဲ့ မော်ရိုကို ကို ဆီမီးမှာ ထပ်ဖြုတ်ချနိုင်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဖိုင်နယ်မှာ မက်ဆီရဲ့ အာဂျင်တီးနား နဲ့ တွေ့ခဲ့ပြီး ဘောလုံးရသ အပြည့်အဝပေးတဲ့ ဗိုလ်လုပွဲအဖြစ် အားလုံးမြင်တွေ့ခဲ့ရပြန်ပါတယ်။ ၂-၀ နဲ့ ရှုံးနေတဲ့ သူ့ရဲ့အသင်းကို တကိုယ်တော် သွင်းဂိုးတွေ နဲ့ come back ပြခဲ့ပြီး သရေ ရလဒ်ကို စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ အချိန်ပိုမှာ မက်ဆီ ၁ ဂိုး သွင်း အမ်ဘာပေ ၁ ဂိုး ထပ်သွင်းသွားတာနဲ့ ၃-၃ သရေကျနေခဲ့ပေမဲ့ ပင်နယ်တီအဆုံးဖြတ်မှာတော့ ၄-၂ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပေမဲ့ သူအနေနဲ့ ဘယ်လောက်စွမ်းဆောင်ပြသွားလဲဆိုတာ ချွင်းချက်မရှိမြင်ခဲ့ကြရပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ လျှမ်းလျှမ်းတောက်အောင်မြင်လာတဲ့ အမ်ဘာပေကို နိုင်ငံအသင်းရဲ့ အသင်းခေါင်ဆောင်အဖြစ် ၂၄ နှစ်မှာတင် တာဝန်ပေးခြင်းခံခဲ့ရတဲ့အထိ သူ့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို ပြသနိုင်ခဲ့ပါတယ်။သူဟာ ၂၀၂၄ ခုနှစ် UEFA Euro 2024 ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီး၊ ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ စပိန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အမ်ဘာပေဟာ ဒီပြိုင်ပွဲမှာ ၁ ဂိုး (ပင်နယ်တီ) သွင်းခဲ့ပြီး၊ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသက် ၂၆ နှစ်မှာ ကမ္ဘာ့ဖလားမှာ ၁၂ ဂိုးသွင်းထားပြီး၊ ပီလီ (Pelé) နဲ့ ရော်နယ်ဒို (Ronaldo) တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်ဖို့ အလားအလာရှိနေပါသေးတယ်။ အသက်ငယ်သေးတဲ့အပြင် အကောင်းဆုံး ခြေစွမ်းကိုလဲ ထိမ်းထားနိုင်သေးတာ ဖြစ်တဲ့အတွက် နိုင်ငံအသင်းမှာ ဘယ်လောက်ထိ တောက်ပနိုင်မလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

အမ်ဘာပေ ဘယ်လမ်းကို သွားမှာလဲ

ငယ်ရွယ်စဥ်က ထွန်းတောက်ခဲ့တဲ့ ကစားသမားတွေ အများအပြား ဘောလုံး သမိုင်းမှာရှိခဲ့ပေမဲ့ နောက်ပိုင်း အဆုံးသတ်မလှတာတွေ ၊မိမိကိုယ်ကို ထိမ်းချုပ်နိုင်မှုအားနည်းတာတွေ ၊ ငွေကြေးအောင်မြင်မှုတွေ ရလာတာကြောင့် ပျက်စီးသွားတဲ့သူတွေဟာ ကျွန်တော်တို့ မျက်စိရှေ့မှာ ဒုနဲ့ဒေး မြင်တွေ့ခဲ့ကြရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်မှုရလာတာဟာ လူတိုင်း နယ်ပယ်တိုင်းမှာတော့ ကောင်းတဲ့ရလဒ်တွေ ထွက်တတ်တာတော့ မဟုတ်ပါဘူး။ အောင်မြင်လာနဲ့အမျှလူအများရဲ့ ဝေဖန်မှုတွေ ဂန္တဝင်တွေနဲ့ နှိုင်းယှဥ်ခံရမှုတွေကို ကြံ့ကြံ့ခံပြီးကျော်ဖြတ်နိုင်ဖို့လိုပါသေးတယ်။ရော်နယ်ဒို အားကျခဲ့တဲ့အမ်ဘာပေဟာ ဒိုလေး လိုပဲ အသက်ရွယ်ကြီးတဲ့အချိန်ထိ အောင်မြင်မှုတွေ ထိမ်းထားနိုင်မလား ၊ တခြား ကစားသမားတွေလိုပဲ ကောက်ရိုးမီး ဖြစ်သွားမလားဆိုတာကိုတော့ နောက်ထပ် ၁၀ စုနှစ် ၁ ခုကြာသွားချိန်မှာ အဖြေ ၁ ခုထွက်လာမှာမို့ စောင့်ကြည့်ကြရင်း အမ်ဘာပေ တယောက် အောင်မြင်မှုတွေ ဆက်လက် ထိမ်းထားနိုင်ဖို့ ဆု‌တောင်းပေးလိုက်ပါတယ်။

Club အသင်း အောင်မြင်မှုများ

AS Monaco (2015–2017)

Ligue 1

Ligue 1 (French League Title)

2016 – 2017

Paris Saint-Germain (PSG) (2017–2024)

Ligue 1

Ligue 1 (French League Title)

2017 – 2018
2018 – 2019
2019 – 2020
2021 – 2022
2022 – 2023
2023 – 2024
coupe de france​

Coupe de France

2017 – 2018
2019 – 2020
2023 – 2024
Coupe de la Ligue​

Coupe de la Ligue

2017 – 2018
2019 – 2020
Trophée des Champions

Trophée des Champions

2018
2020
2022
2023

Real Madrid (2024 – Current)

UEFA Super Cup

UEFA Super Cup

2024

FIFA Intercontinental Cup

2024

National အသင်း အောင်မြင်မှုများ

FIFA World Cup​ Trophy

FIFA World Cup : Winner

2018
FIFA World Cup​ Trophy

FIFA World Cup : Runner-up

2022

တကိုယ်တော် ဆုဖလားများ

World Cup Golden Ball

fifa club world cup golden ball trophy
2022
best player

World Cup Top Scorer

World Cup Top Scorer
2022
8 goals

UNFP Ligue 1 Young Player of the Year

2016-2017

Golden Boy Award

Golden Boy Award
2017

UNFP Ligue 1 Player of the Year

UNFP Ligue 1 Player of the Year-min
2018 – 2019
2020 – 2021
2021 – 2022
2022 – 2023

Ligue 1 Top Scorer

144 GOALS

UNFP Ligue 1 Young Player of the Year

2017 – 2018
2018 – 2019

Ligue 1 Team of the Year

2016 – 2017
2017 – 2018
2018 – 2019
2020 – 2021
2021 – 2022
2022 – 2023
2023 – 2024

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *