အာမိုရင်မ် ရဲ့နောက်ဆုံးစကား “ဒီထက်ပိုတိုးတက်ဖို့ လိုနေပြီ”

United ပရိသတ်တွေအတွက် စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့တဲ့ Fulham နဲ့ပွဲအပြီးမှာ နည်းပြ Ruben Amorim ရဲ့ ပြောစကားတွေက အသင်းရဲ့ အခြေအနေကို ပိုပြီး ထင်ဟပ်စေပါတယ်။ ၁-၁ သရေကျခဲ့တဲ့ပွဲဟာ နည်းပြကို စိတ်မသက်မသာ ဖြစ်စေခဲ့ပုံရပြီး၊ အသင်းရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုလာခဲ့ပါတယ်။ 

ပထမဆုံးပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယပွဲမှာ Fulham နဲ့ သရေကျခဲ့တဲ့ United ဟာ Amorim လက်အောက်မှာ ကစားခဲ့တဲ့ ၂၉ ပွဲမှာ ၂၈ မှတ်သာ ရယူထားနိုင်ပါတယ်။ ဒီလို ရလဒ်တွေကြောင့် အာမိုရင်မ် က အသင်းအနေနဲ့ အနာဂတ်အတွက် အများကြီး တိုးတက်ဖို့ လိုနေပြီလို့ ပြောပါတယ်။

amorim

“ကျွန်တော်တို့ ဂိုးသွင်းပြီးတာနဲ့ အမြဲလိုလိုပဲ ဖြစ်တာက… အသင်းရဲ့စိတ်ဓာတ်တွေ လျော့သွားတယ်။ ဖိအားအောက်မှာ ဘယ်သူမှ တည်တည်ငြိမ်ငြိမ် မကစားနိုင်ဘဲ တုန်လှုပ်နေကြတယ်။ ဒါကြောင့်ပဲ ပြိုင်ဘက်ကို ကစားကွက်ထဲမှာ နေရာလွတ်တွေ ပေးမိပြီး အခွင့်အရေးတွေ ခွင့်ပြုပေးမိတယ်” လို့ နည်းပြက ရှင်းပြခဲ့ပါတယ်။

Amorim ရဲ့ စကားတွေအရဆိုရင် United ဟာ လက်ရှိအနေအထားကို ပြန်လည်သုံးသပ်ဖို့ အချိန်တန်နေပြီလို့ ပြောရမှာပါ။ တိုးတက်မှုနဲ့ သိသာတဲ့ ပြောင်းလဲမှုတွေ မရှိရင်၊ လာမယ့်ပွဲစဉ်တွေမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

 ADMINအမြင် – အပြောင်းအလဲ မလုပ်ရင် ဘယ်သူ့ကို အပြစ်တင်မလဲ?

Man Utd လိုအသင်းတစ်သင်းဟာ ဂိုးသွင်းပြီးတာနဲ့ ခံစစ်ဆုတ်ကစားရမယ့် အသင်းမဟုတ်ပါဘူး။ အဓိကကစားသမားတွေဖြစ်တဲ့ Mainoo ကို လိုင်းအပ်မှာ မပါဝင်စေခဲ့တာ၊ နောက်ပြီး Sesko ကို အရန်ခုံမှာ ချန်ထားပြီး မထည့်သွင်းခဲ့တာ စတဲ့ Amorim ရဲ့ ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာပါ။ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့၊ ပွဲအတွင်း လှုပ်ရှားမှု အားနည်းနေတဲ့ Mason Mount တို့ကိုလည်း နောက်ပိုင်းမှာ လူစားလဲမထွက်ခဲ့တာဟာ ကွင်းလယ်ပိုင်းကို ပိုပြီး ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်တာပါပဲ။

ဖိအားအောက်မှာ လဲကျတာ၊ နေရာလွတ်တွေ ပေးမိတာဆိုတဲ့ ပြဿနာတွေဟာ နည်းပြစနစ်ပိုင်းအားနည်းချက်ကြောင့် ဖြစ်နေတာလား၊ ဒါမှမဟုတ် ကစားသမားတွေရဲ့ စွမ်းရည်မပြည့်ဝလို့လားဆိုတာကို မေးခွန်းထုတ်စရာပါ။ Amorim အနေနဲ့ အနာဂတ်အတွက် တိုးတက်မှုလိုတယ်လို့ ပြောနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်က ဘယ်လိုပြောင်းလဲမှုတွေ ပြုလုပ်သွားမလဲဆိုတာကိုလည်း သက်သေပြဖို့ လိုနေပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *