ဖိုဒန် ကအင်္ဂလိပ် ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားလို့ ရိုဒရီနဲ့ ဟာလန်းတို့ ချီးကျူး

မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ်ကစားသမားဖေးလ် ဖိုဒန်က အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ စီးတီးအသင်းဖော်ဖြစ်တဲ့ ရိုဒရီနဲ့ အာလင်းဟာလန်းတို့က ချီးကျူးပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ကြပါတယ်။

အသက်(၂၄)နှစ်အရွယ် ကွင်းလယ်နဲ့ တောင်ပံကစားသမား ဖိုဒန်ဟာ မနေ့ညက မန်ချက်စတာ ကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ PFA Awards 2024 ဆုပေးပွဲမှာ အမြင့်ဆုံး ဆုတစ်ခုဖြစ်တဲ့ Men’s PFA Players’ Player of the Year ဆုကို ကစားသမားဘ၀တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Phil Foden holds Player of the Year trophy

မန်စီးတီး အကယ်ဒမီထွက် ဖိုဒန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းအတွက် ပြိုင်ပွဲစုံ (၅၃)ပွဲကစား (၂၇)ဂိုးသွင်းပြီး (၁၂)ဂိုး ဖန်တီးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဖိုဒန်က (၁၉) ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှာ (၄)နှစ်ဆက်တိုက် အမှတ်ပေး ချန်ပီယံဖြစ်အောင်ပါ အဓိက နေရာကနေလည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ ဖိုဒန်က ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ဘောလုံးကလောင်ရှင်များ အသင်းက ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ မန်စီးတီး အသင်းရဲ့ တစ်နှစစတာ အကောင်းဆုံး ကစားသမားဆုအပြင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း PFA ကနေ စီစဉ်ပြီး ဘောလုံးသမားတွေ ကိုယ်တိုင် မဲပေးရွေးချယ်တဲ့ PFA Players’ Plyaer of the Year ဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

A picture of Phil Foden showing his hand

ဒီဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဖိုဒန်နဲ့ ပတ်သက်ပြီး အသင်းဖော် ရိုဒရီက ’’ဖေးလ်အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ရိုးရိုးသားသားပြောရရင် သူက အရမ်းတော်တဲ့ ချာတိတ်လေးပါ။ အရမ်းလည်း ရှက်တတ်တယ်။ ကျွန်တော့အတွက်ကတော့ သူက ကစားသမားဘ၀ ပြီးဆုံးချိန်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံး အင်္ဂလိပ် ကစားသမား ဖြစ်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ကစားပုံ အဆင့်တက်ဖို့ လိုအပ်နေတယ် ဆိုပေမယ့်လည်း သူက ဒီလိဂ်နဲ့ ဥရောပမှာ အကောင်းဆုံး ကစားသမားတစ်ဦးလည်းဖြစ်နေပါပြီ။’’ လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်းကလည်း ’’သူက အရမ်းတော်ပါတယ်။ သူနဲ့ ကစားရတာ အရမ်းပျော်ဖို့ကောင်းသလို သူနဲ့လည်း စစနောက်နောက် နေတတ်ပါတယ်။ဖေးလ်ဟာ မယုံနိုင်စရာ ကောင်းတဲ့သူပါ။ လေ့ကျင့်ရေးကွင်းထဲ သူလုပ်ဆောင်နေတဲ့ အရာတစ်ချို့ဟာလည်း တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ ဒါကြောင့် သူနဲ့တွဲကစားရတာ ကံကောင်းတယ်လို့ထင်ပါတယ်။’’ လို့ပြောဆိုခဲ့ပြန်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *