၂၀၂၄ ဘာလွန်းဒေါဆုရှင် မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက သူ့အရှေ့က ဘာလွန်းဒေါ ဆုရှင်တွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို တို့ရဲ့ ခြားနားချက်များအကြောင်းနဲ့ သူတို့တွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်ကစားသမားက သူ့အတွက် အခက်ခဲဆုံးလဲဆိုတာကို ပြောဆိုလာခဲ့ပါတယ်။
မက်ဆီ နဲ့ ရော်နယ်လ်ဒို တို့ဟာ ဘာလွန်းဒေါဆုကို အကြိမ်ရေ အများဆုံး ရယူထားကြသူတွေဖြစ်ပြီး မက်ဆီက (၈)ကြိမ်နဲ့ ရော်နယ်လ်ဒိုက (၅)ကြိမ် အထိ ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့်လည်း အခု၂၀၂၄ ဘာလွန်းဒေါဆုရဲ့ အယောက် (၃၀) ဆန်ခါတင်စာရင်းမှာတော့ ဒီကစားသမားကြီး (၂)ဦးလုံး မပါဝင်နိုင်တော့ဘဲ ဖြစ်ခဲ့ရပါတယ်။ ရိုဒရီက အက်သလက်တီကို ဗီလာရီးရဲလ်တို့မှာ ကစားခဲ့တုန်းက မက်ဆီ ၊ ရော်နယ်လ်ဒို တို့နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
“လီယွန်နယ် မက်ဆီဟာ ထာ၀ရ အကောင်းဆုံး ကစားသမားတစ်ဦးဆိုတာ လုံး၀ သံသယဝင်စရာ မရှိပါဘူး။ ခရစ္စတီယာနိုကတော့ မွေးရာပါ ပါရမီမပါဘဲနဲ့ မက်ဆီကို ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေနဲ့ ယှဉ်ပြိုင်ကစားကြည့် လိုက်တဲ့ အခါမှာ ခြားနားမှုတွေကို မြင်လာနိုင်ပါတယ်။ ခရစ္စတီယာနိုက ဧရိယာထဲမှာ ကြောက်စရာကောင်းလွန်းလို့ သူ့ကို ဂိုးဧရိယာထဲ မဝင်စေချင်ပါဘူး။”
“ဒါပေမယ့် မက်ဆီနဲ့သာ ယှဉ်ကစားနေရပြီဆိုရင်တော့ ကွင်းတစ်ကွင်းလုံး ရဲ့ နေရာတိုင်းမှာလိုလို အန္တရာယ်ရှိနေရတယ်။ မက်ဆီခြေထောက်ထဲ ဘောလုံးရောက်နေချိန်ဆို “ဟာ. . . ဒုက္ခပဲ” လို့ တွေးမိနေရမယ်။ သူနဲ့ ပထမဆုံး ယှဉ်ကစားခဲ့ရတုန်းကဆိုရင် ကျွန်တော် သူ့ဆီကနေ ဘောလုံးယူဖို့ ကြိုးစားခဲ့တုန်းက သူက အသာလေး ရှောင်တိမ်းသွားခဲ့တာ။ပြီးတာနဲ့ ဆိုးရွားတဲ့ အရာတစ်ခုဖြစ်ပေါ်လာတော့မယ်ဆိုတဲ့ ခံစားချက်မျိုးတွေပါ ခံစားမိလာရရော။” လို့ ရိုဒရီက ပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် ရိုဒရီဟာ goal.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ အမြဲတမ်းအကောင်းဆုံး ကစားသမားအဖြစ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး သူ့ရဲ့ မန်စီးတီး အသင်းဖော် ကယ်လ်ဗင် ဒီဘရိုင်း ကိုသာ ရွေးချယ်ခဲ့ပါတယ်။