၂၀၂၄ ဘာလွန်းဒေါဆု ပေးပွဲမှာ တစ်နှစ်တာ လူငယ်အကောင်းဆုံး ဘောလုံးသမားဆု Kopa Trophy ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စပိန် ဆယ်ကျော်သက် တောင်ပံကစားသမားလေး လာမင်း ယာမားလ်က သူ့အနေနဲ့ ဘာလွန်းဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။
အသက် (၁၇)နှစ် အရွယ်သာ ရှိနေသေးတဲ့ စပိန်လက်ရွေးစင် ညာတောင်ပံ ကစားသမားလေး ယာမားလ်ဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ဘာစီလိုနာ စီနီယာ အသင်းအတွက် စတင် ကစားပေးခွင့်ရှိချိန်မှာ ယာမားလ်ရဲ့ အသက်က (၁၅) နှစ်ကျော်ကျော်လေးသာ ရှိနေပါတယ်။
အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာအတွက် ကစားပေးခွင့်ရရှိရင်း စပိန်လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံလာရတဲ့ ယာမားလ်က ၂၀၂၄ ယူရို ပြိုင်ပွဲကြီးမှာလည်း စပိန်အသင်းကို ယူရို ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သလို ဘာစီလိုနာအတွက်လည်း အမြဲတမ်း ပါဝင် ကစားရသူပါဖြစ်လာခဲ့ပါတယ်။
ဒီလိုအသက်အရွယ်နဲ့ မလိုက်အောင်် ခြေစွမ်းပြသနေတဲ့ ယာမားလ်ဟာ ၂၀၂၄ ရဲ့ Kopa Trohy အကောင်းဆုံး လူငယ်ကစားသမား ဆုကို ပါ ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သလို ၂၀၂၄ ဘာလွန်းဒေါ အဆင့်သတ်မှတ်ချက်မှာ ဆိုရင်လည်း နာမည်ကျော် ကစားသမားကြီးတွေကိုပါ ကျော်ဖြတ်ပြီး အဆင့်(၈) နေရာထိတောင် ရပ်တည်နိုင်ခဲ့ပါတယ်။
ယာမားလ်ကို တစ်နိုင်ငံတည်းသားလည်းဖြစ် ၂၀၂၄ ဘာလွန်းဒေါ ဆုရှင်လည်းဖြစ် ရိုဒရီက “မကြာခင်မှာပဲ လာမင်းယာမားလ်က ဘာလွန်းဒေါ ဆိုကို ရလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဆက်ကြိုးစားနေပါ တစ်နေ့ကျရင် မင်း ဒီနေရာကို ရောက်လာမှာပါ။” လို့ အားပေးစကား ပြောကြားသွားခဲ့ပါသေးတယ်။
ယာမားလ်ကိုယ်တိုင်ကလည်း ” ဟုတ်တယ်။ ဘာလွန်းဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ဒါက ကျွန်တော့်စိတ်ထဲမှာ ရှိနေမယ့် အရာပါပဲ။။ ဒီအရာကို ၇အောင် ယူဆောင်သွားမယ်။”လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ ယာမားလ်သာ ဘာလွန်းဒေါဆု ရခဲ့မယ်ဆိုရင် ဘာလွန်းဒေါဆု သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဘာလွန်းဒေါဆုရှင် ဖြစ်ထားတဲ့ ရော်နယ်လ်ဒို နာဇာရီယိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ ရော်နယ််လ်ဒိုကြီးက အသက် (၂၁)နှစ်နဲ့ ဘာလွန်းဒေါဆုရှင် ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။