အသက် (၃၁)နှစ်အရွယ် ပြင်သစ် လက်ရွှေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ သူရဲ့ ကစားသမားဘ၀အတွင်း ဂျူဗင်တပ်စ်အသင်းမှာ (၂)ကြိမ်တိုင်တိုင် ကစားခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာတော့ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ (၄)နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံထားပြီးမှ အယူခံအောင်မြင်ခဲ့လို့ (၁၈)လအထိ လျော့ပေါ့ခံခဲ့ရတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့ သူရဲ့ လက်ရှိကလပ်အသင်း ဂျူဗင်တပ်စ်အသင်းတို့ဟာ စာချုပ်ဖျက်သိမ်းကြဖို့ နီးစပ်လျက်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမယ့် လက်ရှိမှာတော့ ပြစ်ဒဏ်လျော့ပေါ့ခံရလို့ လာမယ့် ၂၀၂၅ ခုနှစ် မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မယ့် ပေါ့ဘာကို ဂျူဗင်တပ်စ်ဘက်က စာချုပ် ဖျက်သိမ်းပြီး အသင်းကနေ စွန့်ပစ်လိုက်ဖို့အထိ စဉ်းစားလာခဲ့ပါတယ်။
ပေါ့ဘာကိုယ်တိုင်ကလည်း သစ်လွင်တဲ့ စတင်မှုက သူနဲ့ သူ့ရဲ့ ကစားသမားဘ၀အတွက် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်လိမ့်မယ်လို့ ယူဆထားတာကြောင့် ဂျူဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ဖို့ စီစဉ်လာဖို့လည်း ရှိနေပါတယ်။
တကယ်လို့ ဂျူဗင်တပ်စ်နဲ့ လက်တွဲဖြုတ်မယ်ဆိုရင် ပေါ့ဘာက Free agent player ဖြစ်လာတော့မှာမို့ သူ့စိတ်ကြိုက် ကလပ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ့ဘာဟာ အမေရိကန် မေဂျာလိဒ်က ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့လဲ သိရပါတယ်။