အယ်လ်နာဆာ နည်းပြသစ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ မီလန် နည်းပြဟောင်း ပီအိုလီ

အယ်လ်နာဆာရဲ့ နည်းပြသစ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပီအိုလီ နဲ့ အယ်လ်နာဆာ အသင်း

ဆော်ဒီပရိုလိဒ်ကလပ် အယ်လ်နာဆာ အသင်းဟာ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ အစီအစဉ်ရှိနေပြီး လက်ရှိမှာ အေစီမီလန်အသင်း နည်းပြဟောင်း စတီဖာနို ပီအိုလီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖွယ် ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းရဲ့ လက်ရှိနည်းပြကြီး လူးဝစ် ကတ်စထရိုဟာ ပြီးခဲ့တဲ့ ရာသီကမှ အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး အာရပ်ကလပ် ချန်ပီယံ ဆုဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဆော်ဒီလိဒ် အမှတ်ပေးပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲတိုင်းလိုလိုမှာ အယ်လ်ဟီလာ အသင်းကို မယှဉ်နိုင်ခဲ့ပဲ ဆုဖလားတွေကို လက်လွတ်ခဲ့ရပါတယ်။

ဒီရာသီအစမှာလည်း ဆော်ဒီစူပါဖလား ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဟီလာကိုပဲ (၄)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြန်တာကြောင့် ဒီရှုံးပွဲက နည်းပြ ကတ်စထရိုရဲ့ အနာဂတ် အခြေအနေကို အတော်လေး ရိုက်ခတ်သွားခဲ့ရပါတယ်။ ဒါကြောင့်ပဲ အယ်လ်နာဆာက နည်းပြတော်တော်များများနဲ့ သတင်းထွက်လာခဲ့ပြီး အခုလည်း နည်းပြ ပီအိုလီနဲ့ပါ သတင်းထွက်နေပါတယ်။

Coach Stefano Pioli

အသက်(၅၈)နှစ်အရွယ် အီတလီလူမျိုး ဘောလုံးနည်းပြ ပီအိုလီဟာ အီတလီကလပ် အသင်းပေါင်း များစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး မီလန်နည်းပြအဖြစ် တာဝန်ယူနေစဉ်မှာလည်း မီလန်အသင်းကို အီတလီ စီးရီးအေ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပီအိုလီဟာ ပြီးခဲ့တဲ့ မေလကမှ မီလန်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရပြီး အယ်လ်နာဆာအသင်းကလည်း သူ့ကို စိတ်ဝင်စားနေပါတယ်။ ပီအိုလီ ရဲ့ နည်းပြအတွေ့အကြုံက အတော်လေး များပြားနေတဲ့အပြင် လက်ရှိ အယ်လ်နာဆာ နည်းပြထက်လည်း နည်းဗျူဟာပိုင်း ပိုမိုကြွယ်၀နိုင်ပါတယ်။

အယ်လ်နာဆာ အသင်းက လာမယ့်ပွဲစဉ်မှာပဲ အယ်လ်ဟီလာ လိုအသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ အယ်လ်နာဆာက ရလဒ်ဆိုးမယ်ဆိုရင် နည်းပြ ကတ်စထရိုကို ရာထူးကနေတ ထုတ်ပယ်လာနိုင်ဖွယ် ရှိနေသလို သူ့နေရာမှာလည်း ပီအိုလီ ဒါမှမဟုတ် ပေါ်တိုနည်းပြဟောင်း ဆာဂျီယို ကွန်ဆီကာအိုနဲ့ အစားထိုးလာနိုင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *